
လီဗာပူးလ်အသင်း၏ တိုက်စစ်မှူး ဆာလာသည် စာချုပ်သက်တမ်းတိုးရန်ကိစ္စတွင် လီဗာပူးလ်အသင်း၏ နှောင့်နှေးမှုများအတွက် စိတ်ပျက်လျက်ရှိနေပြီး အသင်းတွင် ဆက်နေရန်ထက် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများက ဖော်ပြလျက်ရှိသည်။
အသက် (၃၂ )နှစ်အရွယ်ရှိပြီဖြစ်သည့် ဆာလာသည် လီဗာပူးလ်အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ယခုရာသီတွင်လည်း ပြိုင်ပွဲစုံတွင် သွင်းဂိုး (၁၂ )ဂိုးဖြင့် အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။
သူ၏ လက်ရှိ အသင်းနှင့် စာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင် ကုန်ဆုံးတော့မည် ဖြစ်သည့်တိုင်အောင် လီဗာပူးလ်အသင်းသည် ယခုအချိန်အထိ စာချုပ်သစ်ချုပ်ဆိုနိုင်ရန် လုံလောက်သည့် အခြေအနေကို မပြသနိုင်သေးခြင်းအပေါ် ဆာလာက စိတ်ပျက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆာလာသည် ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် လီဗာပူးလ်အသင်းအတွက် သွင်းဂိုး (၂ )ဂိုး သွင်းယူနိုင်ခဲ့ပြီး ယခုရာသီတွင် လီဗာပူးလ်အသင်း၏ (၈) မှတ်ဖြတ်ဦးဆောင်မှု၌ အဓိကကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိသည်။
သူသည် လီဗာပူးလ်အသင်းထံသို့ ၂၀၁၇ ခုနှစ်က စတင်ရောက်ရှိလာခဲ့ပြီးနောက် အသင်းအတွက် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သလို အောင်မြင်မှုများလည်း ရယူနိုင်ခဲ့သည်။
ဆောက်သမ်တန်နှင့် ပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဆာလာက ''အခုဆိုရင် ဒီဇင်ဘာလကိုတောင် ရောက်ဖို့ တော်တော်လေးနီးစပ်လာပါပြီ။ ကျွန်တော် အခုအချိန်အထိ လီဗာပူးလ်အသင်းဆီက ခိုင်မာတဲ့ ကမ်းလှမ်းမှုကို မရရှိသေးပါဘူး။ ဒါကြောင့် အသင်းမှာ ဆက်ရှိနေဖို့ထက် အသင်းက ထွက်သွားရဖို့ များနေပြီလို့ ထင်ပါတယ်'' ဟု ပြောကြားခဲ့ပြီး သတင်းထောက်များက ယင်းအတွက် စိတ်ပျက်မိသလားဆိုသည့် မေးခွန်းကိုလည်း စိတ်ပျက်မိကြောင်းနှင့် ''ကျွန်တော်က အနားယူဖို့ မစဉ်းစားသေးပါဘူး။ ဒါကြောင့် ဘောလုံးကို ဆက်ကစားနေဦးမှာပါ။ ဒီရာသီအတွက် အပြည့်အဝအာရုံစိုက်ထားပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရော၊ ဖြစ်နိုင်မယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကိုပါ ရယူချင်ပါတယ်''ဟု ပြောကြားခဲ့သည်။