Eleven Media Group

ဂျွန်ဂျုံးစ်နှင့် အက်စ်ပင်နယ်လ်တို့၏ UFC ဟဲဗီးဝိတ်တန်းခါးပတ်ပေါင်းစည်းပွဲကို ၂၀၂၅ ခုနှစ်တွင်ကျင်းပမည်ဟု UFC ပြိုင်ပွဲဥက္ကဋ္ဌ ဒေနာဝိုက် အတည်ပြု

Photo: Clutchpoints

UFC ပြိုင်ပွဲ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဒေနာဝိုက်က ဂျွန်ဂျုံးစ်နှင့် အက်စ်ပင်နယ်လ်တို့၏ ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ပေါင်းစည်းပွဲကို ၂၀၂၅ ခုနှစ်တွင် ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဂျွန်ဂျုံးစ် (၃၇ နှစ်) သည် ၂၀၂၃ ခုနှစ် မတ်လက ကျင်းပသည့် UFC 285 ပြိုင်ပွဲတွင် ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ရယူနိုင်ခဲ့ပြီး နိုဝင်ဘာလအတွင်းကျင်းပသည့် UFC 309 ပြိုင်ပွဲတွင် ချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်ရာ အလဲထိုးဖြင့် အနိုင်ရထားသည်။

အက်စ်ပင်နယ်လ် (၃၁ နှစ်) မှာမူ ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် ဂျွန်ဂျုံးစ်၏ ဒဏ်ရာပြဿနာကြောင့် အစားထိုးဝင်ရောက်ထိုးသတ်ရသည့် UFC 295 ပြိုင်ပွဲ၌ အနိုင်ရပြီး ဟဲဗီးဝိတ်တန်း ကြားဖြတ်ချန်ပီယံခါးပတ်ရရှိခဲ့သလို ဇူလိုင်တွင် ကျင်းပသည့် UFC 304 ပြိုင်ပွဲ၌ ချန်ပီယံကာကွယ်ပွဲထိုးသတ်ရာ အလဲထိုးဖြင့် အနိုင်ရထားသည်။

၎င်းတို့နှစ်ဦးတွေ့ဆုံမည့် ဟဲဗီးဝိတ်တန်း ခါးပတ်ပေါင်းစည်းပွဲနှင့်ပတ်သက်၍ ဒေနာဝိုက်က "အဲဒီပွဲဖြစ်မြောက်ဖို့က ၁၀၀ ရာခိုင်နှုန်း ဦးစားပေးပါပဲ။ ဒါက ဟဲဗီးဝိတ်သမိုင်းမှာ အကြီးကျယ်ဆုံးပွဲဖြစ်လာမယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီပွဲက ကုမ္ပဏီရဲ့သမိုင်းမှာ အရေးကြီးတဲ့ပွဲလည်းဖြစ်လာမှာပါ။ အဲဒီပွဲက အရေးကြီးပါတယ်"ဟု ပြောကြားခဲ့သည်။

အက်စ်ပင်နယ်လ်ကလည်း "ဆွေးနွေးမှု တချို့ရှိလာဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ(ဒေနာဝိုက်) ရောက်လာပြီးတော့ အဲဒီပွဲဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တယ်။ ကျွန်တော်က 'ဟုတ်ပြီ။ ဂျွန်က ငွေတွေအများကြီးလိုချင်နေတယ်' လို့ ပြောတော့ ဒေနာက 'ငါသိတယ်။ ဒါပေမဲ့ ဖြစ်လာမှာပါ' လို့ ပြန်ပြောတယ်" ဟု ဆိုသည်။ ယင်းပွဲကျင်းပမည့် အချိန်ကိုမူ အတည်မပြုနိုင်သေးကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group