Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အဲဗာတန် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၈:၃၀ နာရီ)
ချယ်လ်ဆီးအသင်း လက်ရှိပြေးနေတဲ့ ပြေးလမ်းက အရမ်းကိုကောင်းနေတယ်။ နိုင်ပွဲတွေကို ဆက်တိုက်ယူပြီး အမှတ်ပေးချန်ပီယံဆုအတွက် မျှော်လင့်တာမျိုးတွေတောင် ရှိလာခဲ့တယ်။ စပါးနဲ့ ဘရန့်ဖို့ဒ် နှစ်ပွဲဆက်ကို ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့ပဲ အနိုင်ရခဲ့တယ် ဆိုပေမယ့် ပွဲတိုင်းလိုလို တိုက်စစ်ပိုင်းခြေစွမ်းပြနိုင်တာ၊ ကွင်းလယ်အားကောင်းလွန်းတာတွေကြောင့် အဲဗာတန်ကို အနိုင်ရနိုင်တယ်။


ဖူလ်ဟမ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၈:၃၀ နာရီ)
ဆောက်သမ်တန်ကလည်း နောက်ဆုံး ကစားခဲ့တဲ့ (၃) ပွဲမှာ ချယ်လ်ဆီးနဲ့ စပါးတို့ကို (၅) ဂိုးစီ အသွင်းခံရှုံးခဲ့ပြီး ဗီလာကို ကပ်ရှုံးခဲ့တယ်။ တစ်ရာသီလုံး ရလဒ်အားဖြင့်ကြည့်ရင်လည်း စိတ်ပျက်စရာအခြေအနေဖြစ်နေတယ်။ ဖူလ်ဟမ်က အာဆင်နယ်၊ လီဗာပူးလ် နှစ်ပွဲဆက်ကို သရေကစားထားပြီး၊ အဲ့ဒီမတိုင်ခင်လည်း စပါးနဲ့သရေ၊ ဘရိုက်တန်ကို နိုင်ထားတယ်။ ဒီပွဲလည်း ဖူလ်ဟမ်ပဲ နိုင်လိမ့်မယ်။


လက်စတာ - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၈:၃၀ နာရီ)
လက်စတာစီးတီးအသင်းက မကြာသေးခင်က နည်းပြ အပြောင်းအလဲဖြစ်ပြီး နစ္စတယ်ရွိုင်း ကိုင်တွယ်လာခဲ့သလို၊ ဝုလ်ဗ်ကလည်း ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ဂယ်ရီအိုနေးလ် ရာထူးက အထုတ်ခံရလို့ နည်းပြသစ်နဲ့ ခရီးဆက်မယ့်အသင်းဖြစ်တယ်။ လက်ရှိ ရလဒ်ပိုင်းအရ လက်စတာအသင်းက နည်းနည်းလေးသာနေပေမယ့် ခြေစွမ်းကတော့မကွာဘူး။ ဒါပေမဲ့ လက်စတာအိမ်ကွင်းဖြစ်နေလို့ သရေနဲ့ အနိုင်ပါပဲ။


မန်ယူ - ဘုန်းမောက် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၈:၃၀ နာရီ)
မန်ယူနိုက်တက်အသင်းက သိပ်မကြာခင်မှာ နယူးကာဆယ်၊ လီဗာပူးလ်တို့လိုအသင်းတွေနဲ့ ကစားရတော့မှာဖြစ်ပြီး အခုအချိန်မှာ ရမှတ်တွေ စုဆောင်းထားဖို့လိုတယ်။ ဒါပေမဲ့ ဘုန်းမောက်က ကစားရခက်တဲ့အသင်းဖြစ်သလို၊ Rhythm မိနေတဲ့အသင်းလည်း ဖြစ်တယ်။ မန်ယူနိုက်တက်အသင်းက တိုးတက်မှုတွေရှိလာသလို၊ အိမ်ကွင်းလည်း ဖြစ်နေတယ်။ မန်ယူနိုက်တက် ကပ်နိုင်သွားနိုင်ပါတယ်။


စပါး - လီဗာပူးလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် ည ၁၁:၀၀ နာရီ)
စပါးနဲ့ လီဗာပူးလ်တို့က ပြီးခဲ့တဲ့ရာသီတုန်းက အိမ်ကွင်း၊ အဝေးကွင်း နှစ်ပွဲစလုံး အကြိတ်အနယ်နဲ့ ကြည့်ကောင်းခဲ့ပြီး ကိုယ့်အိမ်ကွင်း ကိုယ်အနိုင်ကစားခဲ့ကြတယ်။ စပါးက မထင်မှတ်တဲ့ ခြေစွမ်းတွေကို ပွဲတိုင်းမှာ မြင်နေရပြီး ခြေစွမ်းမတည်ငြိမ်ပါဘူး။ အဝေးကွင်းပွဲတွေမှာ မန်စီးတီး၊ ဆောက်သမ်တမ်တို့လိုအသင်းတွေကို ဂိုးပြတ်နိုင်ပွဲတွေယူခဲ့ပြီး အိမ်ကွင်းနောက်ဆုံး ပွဲတွေမှာ ဖူလ်ဟမ်နဲ့ သရေ၊ ချယ်လ်ဆီးကို ရှုံးထားပြန်တယ်။ လီဗာပူးလ်အသင်းကလည်း ရလဒ်တွေဆက်တိုက်ကောင်းနေခဲ့ရာက ပရီးမီးယားလိဂ် နောက်ဆုံး နှစ်ပွဲမှာ နယူးကာဆယ်၊ ဖူလ်ဟမ်တို့ကို ဆက်တိုက်သရေကျခဲ့ပြီး ပေးဂိုးတွေလည်းများခဲ့တယ်။ ဒါပေမဲ့ ဖူလ်ဟမ်နဲ့ပွဲကတော့ တစ်ပွဲလုံးနီးပါး တစ်ဦးလျော့နဲ့ ချီးကျူးစရာ ခြေစွမ်းမျိုးပါ။ ဒီပွဲက စပါးကွင်းမှာ လီဗာပူးလ်အတွက် ခက်ခဲနိုင်ပါတယ်။ လီဗာပူးလ်ပိုကောင်းပေမယ့် သရေဆိုရင်လည်း အံ့သြစရာမရှိဘူး။

မူရင်းသတင်း — Eleven Media Group