Myanmar Transparency News

ဆေးကြောင်ပြီး ဖခင်ကို ဓားနဲ့အပိုင်းပိုင်း ခုတ်ဖြတ်သတ်သူကို UWSA က လူမြင်ကွင်းမှာ သေဒဏ်ချမှတ်

၂၆. ၁. ၂၀၂၅
Written by Nay Moe

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA ထိန်းချုပ်နယ်မြေ၊ မိုင်မောမြို့နယ်၊ ပန်ဝိုင်ကျေးရွာမှာ ဆေးကြောင်ပြီး ဖခင်ကို ဓားနဲ့အပိုင်းပိုင်း ခုတ်ဖြတ်သူ တရားခံကို “ဝ” ပြည်တရားရေးဌာနက သေဒဏ်ချမှတ်ခဲ့တယ်လို့ WSTV (Wa State TV) က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာကို Wa News Land က ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူအမည်က ချိန်ညီရုန်းဆိုသူဖြစ်ပြီး အိမ်ထောင်မရှိတဲ့ အသက် (၃၀) အရွယ် အမျိုးသားဖြစ်ပြီး ဖခင်ကို သေစေတဲ့ထိ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာကြောင့် သေဒဏ်ချမှတ်ခံရတာလို့လည်း Wa News Land က ဖော်ပြထားပါတယ်။

ဖြစ်စဥ်မှာ ဖခင်ဖြစ်သူက အရက်သေစာမူးရူးသောက်စားပြီး ဆေးသုံးထားလို့ ဆေးကြောင်နေတဲ့ သားကို နွားတွေကို သေချာကြည့်မထားတဲ့အတွက် ဆူတဲ့အချိန် ဆေးအရှိန်နဲ့ ဖခင်ရဲ့ခေါင်းကို ဓားနဲ့ ၄ ချက်လောက် ခုတ်ပစ်လိုက်ပြီး တရားခံဟာ သတိပြန်ဝင်လာတဲ့ ချက်ချင်းမှာပဲ မိခင်ဖြစ်သူကို အသိပေးပြီး သက်ဆိုင်ရာ ရပ်ကွက်လူကြီးက တစ်ဆင့် မြို့နယ် ရဲဌာနကို အကြောင်းကြား ဖမ်းဆီးစေခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄၊ သြဂုတ်လ (၃) ရက်ထဲကလည်း ဟိုပန်မြို့က Sun Moon ကုန်စုံဆိုင် တစ်ခုမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး (၈) နှစ်အရွယ် ကလေးသေဆုံးသွားခဲ့မှုမှာ “ဝ” ပြည်နယ်၊ တရားစီရင်ရေးဌာနက လူသတ်မှုကျူးလွန်သူနဲ့ ပါဝင်ပတ်သက်သူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် (၂) လအကြာမှာတော့ သေဒဏ်ချမှတ်ခဲ့ပါတယ်။

Ref, Wa News Land

မူရင်းသတင်း — Myanmar Transparency News