Myanmar Transparency News

မြန်မာ – ထိုင်းနယ်စပ် ​ဖော့ဖရာ့မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၁ ဦးတွေ့ရှိ ဖမ်းဆီးခံရပြီး တစ်ဦးထံမှ မူးယစ်ဆေးဝါးပါ ဖမ်းမိ

၂၉. ၁. ၂၀၂၅
Translated by Thettant

ထိုင်း – မြန်မာနယ်စပ်ဒေသ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖော့ဖရာ့မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၁ ဦး ဖမ်းမိခဲ့ရာမှာ မြန်မာနိုင်ငံသားတစ်ဦးထံက စိတ်ကြွရူးသွပ်ဆေးပြား ၃၅ ပြားကိုပါ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အမှတ်(၄၂၁)ခြေမြန်တပ်ရင်း ရာမာနု တပ်ဖွဲ့ဝင်တွေ ဖော့ဖရာ့မြို့နယ်ရဲစခန်းကတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၂၉ ရက်အကူး နံနက် ၁ နာရီဝန်းကျင်အချိန်မှာ ဖော့ဖရာ့မြို့နယ်အတွင်း မြန်မာ နယ်စပ်နဲ့ထိတွေ့နေတဲ့ ဘန်ဟွေ့နမ့်နတ်ကျေးရွာဘက် ကင်းလှည့်နေချိန် ညည့်နက်မှ အမှောင်အားပြုဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲ မြန်မာအမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၆ ဦး ပါဝင်ပြီး တရားခံတွေကို စစ်ဆေးမှု ပြုလုပ်ချိန် အမျိုးသားတစ်ဦးရဲ့ အိတ်အနက်ထဲက အနက်ရောင် တိပ်နဲ့ ပတ်ထားတဲ့ ဘောပင်ထဲ သိုဝှက်သယ်ယူလာတဲ့ တရားမဝင် စိတ်ကြွရူးသွပ်ဆေးပြား Methamphetamine ၃၅ ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့စစ်ဆေးချက်အရ ဒီ မူးယစ်ဆေးဝါးတွေကို မြန်မာဘက်က ဝယ်ယူလာတာဖြစ်ပြီး တစ်ပြား ဘတ် ၃၀ နဲ့ ဝယ်ယူလာတာလို့ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေက စမွတ်ပရာကန်ကနေ ဘန်ကောက်ကို သွားရောက် အလုပ် လုပ်ကိုင်ဖို့အတွက် ပွဲစားခ တစ်ဦး ထိုင်းဘတ်ငွေ ၁၈၀၀၀ ဘတ် ပေးခဲ့ရတယ်လို့ပါ ထွက်ဆိုခဲ့သလို လက်ရှိမှာတော့ ဖမ်းဆီးခံ မြန်မာနိုငငံသား ၂၁ ဦးကို ဖော့ဖရာ့ရဲစခန်းမှာ ချုပ်နှောင်ထားပြီး သက်ဆိုင်ရာဥပဒေတွေနဲ့အညီ တရားစွဲ အရေးယူသွားမယ်လို့ ကနဦးသိရပါတယ်။

Ref & Photo: เเอก เกียรติศักดิ์ แม่สอด

မူရင်းသတင်း — Myanmar Transparency News