Myanmar Transparency News

လှိုင်သာယာတွင် လိုက်ထရက်ယာဥ် တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒဏ်ရာရ

၃၀.၁.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ဘုရင့်နောင်တံတားအမှတ်(၂) လှိုင်သာယာဘက်အဆင်းတွင် လိုက်ထရက်ယာဥ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြတ်ကုသိုလ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဘုရင်နောင်တံတားအမှတ်(၂)၊ လှိုင်သာယာမြို့နယ်ဘက်အဆင်းတွင် မော်တော်ယာဥ်တစ်စီး တိမ်းမှောက်နေကြောင်း အနီးပတ်ဝန်းကျင်​ရှိ ပြည်သူများက ဖုန်းဆက်အကူအညီတောင်းခံခဲ့ရာ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှ ရှာဖွေကယ်ဆယ်ရေးယာဥ် သုံးစီး၊ အသင်းဝင် ရှစ်ဦးဖြင့် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ရောက်သွားတော့ ကားကမှောက်နေပြီး အနားကလူတွေ ပြောတာကတော့ တံတားလက်ရမ်းကို အရင်တိုက်မိတာ။ ကားက လည်ထွက်သွားပြီးတော့ တခြားကားကိုလည်း ငြိမိပြီး မှောက်တာ”ဟု မြတ်ကုသိုလ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဥ်တိမ်မှောက်မှုကြောင့် ယာဥ်နောက်လိုက်ဖြစ်သူ အသက်၂၃ နှစ်အရွယ် ကိုသော်ဇင်နိုင်မှာ သေဆုံးခဲ့ပြီးအသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် မရွှေစင်မှာ ဦးခေါင်းတွင် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ဒဏ်ရာရရှိသူ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးကို မြေပြင်ပြုစုကုသမှုပေးကာ လှိုင်သာယာပြည်သူ့ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး သေဆုံးသူယာဥ်နောက်လိုက်ကို ယင်းဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News