Myanmar Transparency News

ကက်သလစ်ဘုန်းတော်ကြီးကို ရက်စက်စွာ လည်ပင်းဖြတ်သတ်တဲ့ ရွှေဘို PDF တွေကို အရေးယူပေးဖို့ ကာဒီနယ်ချားလ်ဘို တောင်းဆို

၁၅. ၂. ၂၀၂၅
Written by Nay Moe

ကက်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီးကို ရက်စက်စွာ လည်ပင်းဖြတ်သတ်တဲ့ ရွှေဘို PDF တွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီများ အဖွဲ့ချုပ် (CBCM) ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက တောင်းဆိုလာပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နဲ့ ကျောက်မြောင်းမြို့ကြား ကန်ကြီးတောကျေးရွာက ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းထဲကို ရွှေဘို PDF တွေဖြစ်တဲ့ တအုံရွာ PDF ဆယ်ဦးခန့်က ဝင်ရောက်လာပြီး ကက်သလစ်ခရစ်ယာန်ကျောင်းထိုင်ဘုန်းကြီးကို လည်ပင်းလှီးဖြတ်သတ်လိုက်တာကြောင့် ဝင်ရောက်သတ်ဖြတ်ခဲ့သူ ၁၀ ဦးကို ရွှေဘိုခရိုင် တပ်ရင်း (၅) က ဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်းတွေ ထွက်ပေါ်အပြီးမှာ ဒီလိုကျူးလွန်သူတွေကို အရေးယူပေးဖို့ ကာဒီနယ် ချားလ်စ်ဘိုက တောင်းဆိုလာတာဖြစ်ပါတယ်။

သတ်ဖြတ်တဲ့ တအုံရွာ PDF ခေါင်းဆောင်နာမည်က တိုက်ကောဖြစ်ပြီး တိုက်ကောအပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို သေနတ် ၅ လက်၊ ဓားရှည် ၁ လက်နဲ့အတူ ဖမ်းမိထားတာဖြစ်ပါတယ်။

သတ်ဖြတ်ခံရတဲ့ ခရစ်ယာန်ဘုန်းကြီးဟာ အသက်က ၄၄ နှစ်နဲ့ ခရစ်တော်မှာ အမှူထမ်းသက်က ၇ နှစ်ရှိပြီ ဖြစ်တဲ့ ဖာသာရ်ဒေါနယ်မာတင် (Fr. Donald Martin) ရဲနိုင်ဝင်း ဟာ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံသူလို့ ခရစ်ယာန်ဘာသာဝင်တွေက ရေးသားကြပြီး ဒီလို ဖာသာတစ်ယောက်ကို PDF တွေက မူးယစ်သောက်စား လည်လှီးသတ်တဲ့အပေါ် ကာဒီနယ်ချားလ်ဘိုရဲ့ တောင်းဆိုစာမှာ အခုလို ရက်စက်စွာသတ်ဖြတ်ခံရလို့ ဝမ်းနည်းကြောင်း၊ “Father Donald Martin ရဲနိုင်ဝင်းနှင့်အတူ အပြစ်မဲ့သူများစွာတို့၏ သွေးမြေကျကာ အသက်နှင့် ခန္ဓာပေးဆပ်ရခြင်းတို့သည် နိုင်ငံအနှံ့တွင်ဖြစ်ပွားနေသောအကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ဆက်ကပ်ပူဇော်ခြင်းဖြစ်ပါစေ။ ဤကဲ့သို့ တွေ့ကြုံရသော စိတ်နှလုံးကြေကွဲဖွယ်ရာများမှ သင်ခန်းစာ ယူလျက် ညီအစ်ကိုမောင်နှမစိတ်ထားများ ရှင်သန်နိုးကြားလာပြီး အကြမ်းဖက်မှုများကို ရပ်တန့်ကြပါရန် အလေးအနက်မေတ္တာရပ်ခံအပ်ပါသည်။ Father Donald Martin ရဲနိုင်ဝင်း အပေါ်ကျူးလွန်ခဲ့သော မတရားမှုသည် အလွယ်တကူ မေ့ပျောက်သင့်သောအရာတစ်ခုမဟုတ်ပါ။ ထို့ကြောင့် နောက်နောင် ဤကဲ့သို့အမှုမျိုး ထပ်မံမဖြစ်စေရေးအတွက် တာဝန်ယူမှုပြည့်ဝစွာဖြင့် ကျူးလွန်သူတို့အား ထိုက်သင့်သောအရေးယူခြင်းနှင့် တရားမျှတမှုကို ဖော်ဆောင်ပေးကြပါရန် တာဝန်ရှိသူတို့အား တိုက်တွန်းပါသည်။”လို့ ဖော်ပြထားပါတယ်။

မူရင်းသတင်း — Myanmar Transparency News