Myanmar Transparency News

ထင်းမီးဖိုဖြင့်ထမင်းအိုးတည်ရာမှ အမျိုးသားတစ်ဦး​သေဆုံးပြီး နေအိမ်သုံးလုံးမီးလောင်မှု မအူပင်တွင်ဖြစ်ပွား

၃၀.၁၂.၂၀၂၅
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပန်းပင်စုကျေးရွာအုပ်စု၊ ခွာလေးကျွန်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် ထင်းမီးဖြင့် ထမင်းအိုးတည်ရာမှ အမျိုးသားတစ်ဦး မီးလောင်သေဆုံးပြီး နေအိမ်သုံးလုံးမီးလောင်ကျွမ်းမှု ဒီဇင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

၂၅မိနစ်ခန့်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့သော နေအိမ်မှ ​ကျန်းမာရေးမကောင်းသူ အိမ်ရှင် အသက် ၅၈ နှစ်အရွယ် ဦးကျော်ဇင်မှာ မီးလောင်သေဆုံးခဲ့ပြီး သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နေအိမ်နှစ်လုံးနှင့် သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်းတစ်ထပ်နေအိမ်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မအူပင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ရေလဲကလေးချောင်းထဲမှ ရေများဖြင့် အပေါ့စားစက် အသုံးပြုငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အမျိုးသားတစ်ဦးသေဆုံးပြီး နေအိမ်သုံးလုံးမီးလောင်ဆုံးရှုံးမှုကြောင့် အိမ်ပိုင်ရှင်၏ ဇနီး အသက် ၅၆ နှစ်အရွယ် ဒေါ်တင်သန်းကို ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၈၅/၃၀၄-က ဖြင့် ရေလဲကလေးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News