Myanmar Transparency News

အရုဏ်မတက်မီ နေအိမ်ရှေ့တံမြက်စည်းလှည်းသည့်အမျိုးသမီးအား မျက်နှာကို ဓားဖြင့်ထိုးခုတ်ကာ ရွှေဆွဲကြိုးလုယူထွက်ပြေးမှု သန်လျင်တွင် ယနေ့ဖြစ်ပွား

၃၁. ၁၂. ၂၀၂၅
Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ယနေ့နံနက် အရုဏ်မတက်မီအချိန်က နေအိမ်ရှေ့တံမြက်စည်းလှည်းနေသည့် အမျိုးသမီးအား မျက်နှာ ဓားဖြင့်ထိုးခုတ်ကာ ရွှေဆွဲကြိုးလုယူထွက်ပြေးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၄ နာရီအချိန်တွင် သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်ရှေ့တွင် တံမြက်စည်းလှဲနေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးအား အမည်မသိလူတစ်စုမှ အမျိုးသမီး၏ လည်ပင်းတွင် ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးကို ဆွဲဖြုတ်ယူပြီး ထိုအမျိုးသမီးကိုပါ ဓားဖြင့်မျက်နှာကို လှီးဖြတ် ထိုးခုတ်သွားခဲ့ကြောင်း ကူညီ​ပေးသည့် လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်း၏ ကူညီမှုမှတ်တမ်းအရ သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသည် သန်လျင်မြို့၏ မြို့လယ်ဟု ခေါ်ဆိုရမည့်နေရာဖြစ်ပြီး အမျိုးသမီးမှာမူ ဦးခေါင်း၊ အပေါ်နှုတ်ခမ်းနှင့် မေးစေ့ သုံးနေရာတွင် ဓားခုတ်ဒဏ်ရာများ ရရှိခဲ့သည်။

ဓားခုတ်ဒဏ်ရာရရှိသည့် အမျိုးသမီးကို လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်း လူနာတင်ယာဥ်ဖြင့် သန်လျင်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းလည်း သိရပြီး တရားခံများ ဖမ်းမိရန် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်မှုများပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ – လောကအလင်း

မူရင်းသတင်း — Myanmar Transparency News