Myanmar Transparency News

မနေ့က နှစ်သစ်ကူးညမှာ လောင်တဲ့ ပျဉ်းမနားမီးဘေးကြောင့် လူဦးရေ လေးရာကျော် ယာယီမီးဘေးသင့်စခန်းမှာ ခိုလှုံနေရပြီး အကူအညီတွေလည်း လိုအပ်နေ

၁ .၁ .၂၀၂၅
Written by Thiri

မနေ့က ၂၀၂၅ ခုနှစ်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့က ပျဉ်းမနားမြို့ပေါ်မှာ မီးနှစ်ကြိမ်လောင်ကျွမ်းခဲ့ပြီး မနက်အ‌စောပိုင်းလောင်တဲ့မီးက နေအိမ် နှစ်လုံး ဆုံးရှုံးခဲ့ကာ ညပိုင်း ၇ နာရီဝန်းကျင်မှာ လောင်တဲ့မီးကတော့ နေအိမ် ၆၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၄၃၀ ကျော် မီးဘေးသင့်ယာယီခိုလှုံ‌ရေးစခန်းမှာ နေထိုင်နေကြရပါတယ်။

မနေ့က ည ၇ နာရီဝန်းကျင်အချိန်ခန့်မှာ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ (၁၆)မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး၊ လက်ရှိအချိန်ထိတော့ ဘယ်အိမ်က စလောင်တယ်ဆိုတာကို စုံစမ်းစစ်ဆေးနေဆဲမို့ မသိရှိရသေးဘူးလို့လည်း သိရပါတယ်။

မီးဘေးသင့်ယာယီခိုလှုံရေးစခန်းတွေကို ပျဉ်းမနားမြို့ တပေါင်းကွင်းနဲ့ လောကမာရဇိန် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှာ ဖွင့်လှစ်ပေးထားပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း လာရောက်ကာ အားပေးစကားပြောကြားတာ လိုအပ်တာတွေ ထောက်ပံ့လှုဒါန်းတာမျိုး ပြုလုပ်ပေးနေတယ်လို့ လည်း သိရပါတယ်။

မြေပြင်မှာ ဆေးဝါးအကူအညီအနေနဲ့ ရောက်ရှိနေတဲ့ လူမှုကရုဏာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “လိုအပ်တာတွေ အများကြီးပါပဲ။ သောက်သုံးရေ အခြေခံစားကုန်တွေကတာဝန်ရှိသူတွေ ဖြည့်ဆည်းပေးပေမယ့် သူတို့ တစ်ကိုယ်ရည်သုံး ပစ္စည်းလေးတွေပေါ့နော်။ သွားတိုက်ဆေး အပါအဝင် လူသုံးကုန်၊ခြင်ထောင်၊ ခေါင်းဦး ဒါတွေလည်း လိုအပ်ပါတယ်။အိုးခွက်ပန်းကန်နဲ့ အဝတ်အစားလည်း တချို့ လိုတယ်။ မီးဘေးသင့်ပြည်သူတွေက ဘာမှမရဘဲ လက်ဗလာနဲ့ ထွက်လာရတဲ့ အခြေအနေများတယ်။ ငလျင်တုန်းကလည်း ထိထားတော့ ပြန်လည်ထူထောင်ထားရတာ တချို့ဆို အိမ်ပြင်ပြီးတာ မကြာသေးဘူးလည်း ပြောကြတယ် ” လို့ MT News ကို ပြောပါတယ်။

ဒေသခံ လူမှုကူညီရေးအသင်းတွေက မိတ်ဖက် အသင်းတွေကိုပါ အဆောက်အဦ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးကြဖို့ ဆော်ဩနေပြီး ” တစ်ဦးဆောင်‌သော်မရ၊ အများဆောင်သော်ရ၏” ဆိုတဲ့ စကားအတိုင်း ဝိုင်းဝန်းကူညီဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။

မီးလောင်မှုကြောင့် လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ပေမယ့် အိမ်ခြေကပ်လျက် သစ်သားအသုံးပြုဆောက်လုပ်ထားတဲ့ အိမ်တွေများတာမို့ လောင်အားကောင်းကာ တစ်နာရီခွဲခန့် ငြှိမ်းသတ်ခဲ့ရတာမို့ မီးသတ်တပ်ဖွဲ့ဝင်‌တွေနဲ့ စေတနာဝန်ထမ်းတွေ မီးခိုးမွှန်ပြီး အောက်စီဂျင်ပြတ်လပ်တာမျိုးတွေတော့ ဖြစ်ပွားခဲ့တယ်လို့လည်း ဆေးအကူအညီအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ လူမှုကူညီရေး အသင်းတချို့ထံကနေ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News