Myanmar Transparency News

အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ  Express ယာဉ်တစ်စီး မီးလောင်မှု ဒီနေ့ မနက်အစောပိုင်းက ဖြစ်ပွား

၆.၁.၂၀၂၆
Written by Thiri

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ Express ယာဉ်တစ်စီး မီးလောင်မှု ဒီနေ့ ဇန်နဝါရီလ ၆ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မီးလောင်ကျွမ်းမှုက မနက် ၃ နာရီ  ၄၄ မိနစ်အချိန်ခန့်မှာ ဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားတဲ့ သတင်းအရ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်‌တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်ခန့် ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါမီးလောင်ကျွမ်းမှု ဖြစ်စဉ်အတွင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့အတူ ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြောက်ဥက္ကလာ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက “ကားက ပြည် – ရန်ကုန် ပြေးဆွဲတဲ့ယာဉ်လိုင်းပါ။ ကုန်တွေ တင်ထားပြီးပေါ့။ အောက်ဝမ်းဗိုက်ပိုင်းထဲ‌ရော၊ ကားခရီးသည်စီးတဲ့နေရာ နောက်ခြမ်းမှာ‌ ရောပေါ့။ စလောင်တာလည်း ကားရဲ့ အလယ်ပိုင်းလောက်က စလောင်တယ်။ ယာဉ်မောင်းနဲ့ စပါယ်ယာ ခြင်ဆေးထွန်းအိပ်ရာက မီးမသတ်ခဲ့မိလို့ ဖြစ်တယ်လည်းကြားတယ်။ တစ်စီးလုံးမလောင်ဘူး။ ယာဉ်အပေါ်ပိုင်းတော့ အကုန် ကုန်တယ်။ အောက်ဝမ်းထဲက ကုန်ပစ္စည်း‌တွေတော့ မလောင်သွားဘူး။ ရေထိပြီး ပျက်စီးတာတော့ ရှိမှာပါပဲ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါယာဉ်မီးလောင်မှု ဖြစ်စဉ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေး အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News