Myanmar Transparency News

အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် မျိုးဆက်သစ်ခရီးသည်တင်ယာဥ် ယနေ့ မီးလောင်မှု ကားစက်နှိုးစဥ် ဘက်ထရီငုတ်ချောင်ပြီး ဝါယာကြိုးများအပူလွန်ကဲရာမှ စတင်လောင်ကျွမ်းသည်ဟု စစ်ဆေးတွေ့ရှိ

၆.၁.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာယာဥ်ရပ်နားဝင်း၊ မုံရွာလမ်းနှင့် ပုဂံလမ်းထောင့်တွင် ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၃ နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သော မျိုးဆက်သစ် အဝေးပြး ခရီးသည်တင်ယာဥ်တစ်စီး မီးလောင်မှုမှာ ကားစက်နှိုးစဥ် ဘက်ထရီငုတ်ချောင်ပြီး ဝါယာကြိုးများအပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏အတည်ပြုချက်အရ သိရသည်။

ရန်ကုန်မှပြည်သို့ပြေးဆွဲသော YUTONG အမျိုးအစားအဝေးပြေးခရီးသည်တင်ယာဥ်မှာ ကားစက်နှိုးစဥ် ဘက်ထရီငုတ်ချောင်ပြီး ဝါယာကြိုးများအပူလွန်ကဲရာမှ မီးပွားထွက်၍ ယာဥ်အောက်ခန်းတွင် ထည့်ထားသော ပစ္စည်းများသို့ ကူးစက်ပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုမှာ မိနစ်၂၀ ကျော် ကြာမြင့်ခဲ့ပြီး မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ခြောက်စီး၊ ရေသယ်ယာဥ်နှစ်စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၈ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် မော်တော်ယာဥ်နှင့်ကုန်ပစ္စည်းများဆုံးရှုံးခဲ့သဖြင့် အသက် ၂၂ အရွယ် ယာဥ်အကူ ကိုကျော်ဇင်လတ်ကို မင်္ဂလာဒုံမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News