Myanmar Transparency News

ထိုင်း Delivery သမားများအား ဝိုင်းရိုက်ခဲ့သည့် မြန်မာအလုပ်သမား ၆ ဦး က ယနေ့အဖမ်းခံ၊ ၎င်းတို့ အပြုအမှုအတွက် လက်အုပ်ချီ တောင်းပန်၍ တစ်ဖက်ဖက်က အမှုကျေအေး ပိတ်သိမ်းပေးခဲ့ဟုဆို

၁၃.၁.၂၀၂၆
Write By Min Thet

ထိုင်း Delivery သမားများအား ဝိုင်းရိုက်ခဲ့သည့် မြန်မာအလုပ်သမား ၆ ဦးကို ယနေ့ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့ အလုပ် လုပ်နေသည့်စားသောက်ဆိုင် တာဝန်ခံ အမျိုးသမီးက ယနေ့ ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီခန့်အချိန် အလုပ်သမားများအားခေါ်ဆောင်လာ၍ ရဲစခန်းတွင် အဖမ်းခံစေခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။

အဖမ်းခံခဲ့ပြီးနောက် မြန်မာအလုပ်သမားများက ထိုင်း Delivery သမား ၃ ဦးအား ၎င်းတို့ အပြုအမှုအတွက် လက်အုပ်ချီ တောင်းပန်ခဲ့ကာ ဆိုင်ကယ်ပြုပြင်ရန် ဘတ် ၁၀၀၀၀ လျော်ကြေးပေးချေခဲ့၍ တစ်ဖက်ကအမှုကြေးအေးပေးခဲ့ကြောင်းလည်း သိရသည်။

ယင်းကြောင့် ရဲစခန်းက ရန်ဖြစ်မှုအတွက် နှစ်ဖက်စလုံးကို ဒဏ်ငွေပေးဆောင်စေပြီး အမှုပိတ်သိမ်းကာ မြန်မာလုပ်သား ၆ ဦးကို ပြန်လွတ်ပေးခဲ့ကြောင်းလည်း သိရသည်။

မြန်မာအလုပ်သမား ၆ ဦး က ထိုင်းနိုင်ငံသား Delivery သမား ၃ ဦးအား ရိုက်နှက်ခဲ့သည့် အတွက် အလုပ်ထုတ်ခံရသည့်သတင်းကို MT News တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါသတင်းမှာ ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောနယ်မြေရှိ စားသောက်ဆိုင်ရှေ့တွင် ဆိုင်ကယ်ဟွန်းတီးရာမှ စကားများခဲ့သည့် ကိစ္စကို ထိုင်းနိုင်ငံသား Delivery သမား ၃ ဦးက မြန်မာလုပ်သား ၆ ဦး အလုပ်လုပ်သည့် စား‌သောက်ဆိုင်ရှေ့သို့ လာရောက်ဖြေရှင်းကြစဉ် မြန်မာ ၆ ဦးက အုပ်စုဖွဲ့၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည့်သတင်းဖြစ်သည်။

ရန်ပွဲဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်သို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ရာ ဆိုင်တာဝန်ခံက လုပ်ငန်းလိုင်စင် အပါအဝင် အထောက်အထား စာရွက်စာတမ်းများ မပြသနိုင်သဖြင့် အဆိုပါ စားသောက်ဆိုင်ကိုလည်း ယာယီပိတ်သိမ်းစေခဲ့ကြောင်း သိရသည်။

ယခုအခါ အမှုပိတ်သိမ်းပြီးဖြစ်၍ ပိတ်သိမ်းခံထားရသည့် စားသောက်ဆိုင်ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

ပုံစာ။ ထိုင်းနိုင်ငံသားများအားရိုက်နှက်ခဲ့သည့် မြန်မာနိုင်ငံသားများအား ရာနှင့်ချီသော လူအုပ်ကြီးက လိုက်လံ ရှာဖွေခဲ့စဉ်။

မူရင်းသတင်း — Myanmar Transparency News