Myanmar Digital News

ရွာငံမြို့နယ်၌ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ


နေပြည်တော် နိုဝင်ဘာ ၁၁

 

ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသူ သန်းထိုက်အောင်နှင့် မခင်သီတာအောင် (ခ) မီးမီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရွာငံမြို့နယ် မြို့ကြီးရွာအနီးတွင် ပုသိမ်ကြီးမြို့နယ် ကန်ကောက်ရွာနေ သန်းထိုက်အောင် (၃၈) နှစ် မောင်းနှင်ပြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်နေ မခင်သီတာအောင် (ခ) မီးမီး (၅၄) နှစ် လိုက်ပါလာသော SUZUKI CARRY အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့နှစ်ဦး သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၆၀၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၆၀၀၀) အား ဖမ်းဆီးရမိသဖြင့် သန်းထိုက်အောင် နှင့် မခင်သီတာအောင် (ခ) မီးမီး တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

အလားတူ နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုးကောင်းမြို့နယ် ဖိုးချစ်ကုန်း ရပ်ကွက်အနီးတွင် ဟိုပင်မြို့ မြဇေယျာရပ်ကွက်နေသူများဖြစ်သည့် စိန်ဝင်း (၄၅) နှစ် မောင်းနှင်ပြီး မကေကေဝင်း (ခ) မကေ (၄၁) နှစ် လိုက်ပါလာသော KENBO-125 အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ  စိတ်ကြွဆေးပြား ၁၁၇၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၇၅ ဒသမ ၅ သိန်း) ဖမ်းဆီးရမိသဖြင့် စိန်ဝင်းနှင့် မကေကေဝင်း (ခ) မကေတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News