Myanmar Transparency News

ရွေးကောက်ပွဲနေ့က “Reject the illegal election” စာတန်းကိုင်​ဆောင်ကာ မြို့တော်ခန်းမရှေ့ ဆန္ဒပြသူကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်

နေမိုး
၁၃. ၁. ၂၀၂၆

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က ကျင်းပသော အပိုင်း ၂ ရွေးကောက်ပွဲနေ့က “Reject the illegal election” စာတန်းကိုင်​ဆောင်ကာ ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြသူလူငယ်ကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့တော်ခန်းမရှေ့၌ အမျိုးသားတစ်ဦး ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်နေ မင်းထက်(ခ) ကိုမင်း (၂၂)နှစ်သည် မြို့တော်ခန်းမရှေ့ ဝင်ပေါက်အနီး၌ “Reject the illegal election” ဟု ရေးသားထားသည့် အဖြူရောင်ကတ္ထူစက္ကူအား ကိုင်ဆောင်ကာ ဆန္ဒပြနေသည်ကိုတွေ့ရှိရသဖြင့် ၎င်းအား ကျောက်တံတားမြို့မရဲစခန်းက (ပ)၅/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်ခဲ့သည်။

အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာနေ ကိုမျိုး (၄၇)နှစ်သည် အရက်သေစာသောက်စားမူးယစ်၍ ရွေးကောက်ပွဲမဲရုံအဖြစ် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာမူလတန်းကျောင်းရှေ့သို့ ရောက်ရှိလာပြီး မဲပေးရန်လာရောက်ကြသူများအား ဆန္ဒမဲမပေးနိုင်စေရန် ပြောဆိုဟန့်တားနှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းအား ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မုတ္တမနယ်မြေရဲစခန်းက (ပ)၄/၂၀၂၆၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့်အမှုဖွင့်ကာ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မူရင်းသတင်း — Myanmar Transparency News