Myanmar Transparency News

ပတ္တရားမြို့ ရတနာကွန်းဈေးအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနှင့် လာအိုနိုင်ငံသား ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

သက်တံ့
၁၄. ၆. ၂၀၂၆

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ ဈေးတစ်ခုအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေပြီး ထိုင်းနိုင်ငံသားတို့၏ လုပ်ကိုင်ခွင့်များကို ထိခိုက်စေသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးဖမ်းဆီးရာတွင် မြန်မာနိုင်ငံသား ၂ ဦး အပါအဝင် စုစုပေါင်း ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆေးဖမ်းဆီးမှုအား ချွန်ဘူရီခရိုင် ရဲတပ်ဖွဲ့မှူး ရဲချုပ် Pongphan Wongmanithet ၏ ညွှန်ကြားချက်အရ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပတ္တရားမြို့မရဲစခန်းမှ ရဲမှူးကြီး Anek Srathongyu ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် သက်ပရာဆစ် (Thepprasit) လမ်းပေါ်ရှိ ရတနာကွန်းသက်ပရာဆစ် (Rattanakorn Thepprasit) ဈေးအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ကြသည်။

ဈေးအတွင်းရှိ ဝက်သားရောင်းချသော ဆိုင်ခန်းများကို စစ်ဆေးရာတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသား ၆ ဦးကို စစ်ဆေးတွေ့ရှိခဲ့ရသည်။ ၎င်းတို့အနက် အသက် ၁၈ နှစ်မှ ၄၁ နှစ်အတွင်းရှိ လာအိုနိုင်ငံသား ၄ ဦးနှင့် အသက် ၂၀ နှင့် ၃၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။

၎င်းတို့ ၆ ဦးစလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ၎င်းတို့အား ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု စသည့် ပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားသည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ အဆိုပါ တရားမဝင် အလုပ်သမားများကို ငှားရမ်းထားသည့် ဆိုင်ရှင်များကိုလည်း ထိုင်းနိုင်ငံ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News