Myanmar Transparency News

ယုဇနပလာဇာအနီး နှင်းဆီလမ်းရှိ အထည်ဆိုင်မီးလောင်မှု ကတ်ထူစက္ကူအဟောင်းပေါ် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ စတင်လောင်ကျွမ်းသည်ဟု စစ်ဆေးတွေ့ရှိ

၂၀.၁.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ယုဇနပလာဇာအနီး နှင်းဆီလမ်းရှိ Galactico အထည်ဆိုင်တွင် ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီ ၂၈ မိနစ်ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ ကတ်ထူစက္ကူအဟောင်းပေါ် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

နှစ်ခန်းတွဲ၊ ငါးထပ်တိုက်၏ ဘယ်ဘက်မြေညီထပ်တွင် ဖွင့်လှစ်ထားသော အထည်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကတ်ထူစက္ကူအဟောင်းပေါ် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ ဖုန်းမီးလောင်ရာမှတဆင့် ကတ်ထူစက္ကူနှင့်အထည်အလိပ်များကို ကူးစက်ကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တစ်နာရီကျော်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့သော အလျား ၂၅ ပေ၊အနံပေ ၅၀ ရှိ အထည်ဆိုင်နှင့် ဘေးရှိ တစ်ခန်း၊ လေးထပ်အဆောက်အအုံ၏ အလျား ၂၅ ပေ၊ အနံ ပေ ၅၀ ရှိ မြေညီထပ်အခန်း အပါအဝင် အထည်အလိတ်များနှင့် အဝတ်အထည်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် မီးလောင်မှုကို လာရောက်၍ ဝိုင်းဝန်ငြှိမ်းသတ်သော ကိုပူတူးနှင့် ညီအစ်ကိုများ ပရဟိတအသင်းမှ အသင်းဝင် အသက် ၂၉ နှစ်အရွယ် ကိုကောင်းမြတ်မိုးမှာ မီးလောင်ပြင်တွင် ဝိုင်းဝန်းကူညီစဥ် ဘယ်ဘက်လက်ကောက်ဝတ်သွေးကြောပြတ်ဒဏ်ရာရရှိခဲ့သဖြင့် ယင်းအသင်း၏ လူနာတင်ယာဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။

အထည်ဆိုင်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂၆ စီး၊ ရေသယ်ယာဥ် ၁၃ စီး၊ အထောက်အကူပြုယာဥ် ၆ စီး၊ ကွပ်ကဲမှုယာဥ် ၉ စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အထည်ဆိုင်မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၂၀ အရွယ် ကိုကောင်းခန့်ပိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News