Myanmar Transparency News

လက်သည်းအခြောက်ခံစက် မပိတ်မိရာမှ အလှပြင်ဆိုင်မီးလောင်မှု သာကေတတွင် ဖြစ်ပွား

၂၁.၁.၂၀၂၅
Written by KL

လက်သည်းအခြောက်ခံစက်ကို မီးမပိတ်မိရာမှ အလှပြင်ဆိုင်တစ်ဆိုင်တစ်ဆိုင် မီးလောင်မှု ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊(၉) ရပ်ကွက်၊ နဝရတ်(၄)လမ်းရှိ ရွှေခေတ် Beauty Saloon တွင် ဇန်နဝါရီလ ၂၀ ရက် ည ၉ နာရီ ၃၄ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ သွပ်မိုးကာ အုတ်ကာပြီး၊ ကွန်ကရစ်ခင်းထားသော ငါးခန်းတွဲ ၊ နှစ်ထပ်အဆောက်အအုံ၏ ညာဘက်အစွန် ဘေးနှစ်ခန်းတွဲရှိ အလှပြင်ဆိုင်တွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ပိတ်ခဲ့သော်လည်း လက်သည်းအခြောက်ခံစက်မပိတ်ဘဲ ထားခဲ့မိရာမှ စက်အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်များအရ သိရသည်။

၁၀ မိနစ်ခန့်သာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် လက်သည်းအ​ခြောက်ခံစက်၊ ဆိုဖာခုံနှင့် အလှပြင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် လေးစီး၊ ရေသယ်ယာဥ် နှစ်စီး၊ အထောက်အကူပြုယာဥ် တစ်စီး၊ ကွပ်ကဲမှုယာဥ် တစ်စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အလှပြင်ဆိုင်မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၂၈ နှစ်အရွယ် ဆိုင်ရှင် အမျိုးသားကို သာကေတနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News