Myanmar Transparency News

ပြင်ဦးလွင်မှ စာပန်းအိမ်အမျိုးသားဘော်ဒါဆောင် ယနေ့ မီးလောင်

သက်တံ့
၂၂. ၁. ၂၀၂၆

ပြင်ဦးလွင်မြို့မှ စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း အမျိုးသားဘော်ဒါဆောင် ယနေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ပြင်ဦးလွင်၊ ရတနာလမ်းရှိ စာပန်းအိမ်ဘော်ဒါ အမျိုးသားအဆောင်မှာ ဝါယာရှော့ခ်ဖြစ်ပြီး ယနေ့ နေ့လယ် ၁ နာရီဝန်းကျင်အချိန်က စတင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ မီးလောင်ကျွမ်းမှုများပြားသော်လည်း မွန်းလွဲပိုင်းအချိန်ဖြစ်၍ ကလေးငယ်များ ကျောင်းသွားနေသဖြင့် လူထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။

“အန္တရာယ်‌/ ဘေးကင်းလို့ ငြိမ်းသွားပါပြီ။ ဘေးအိမ်လည်း ‌မီးမကူးဘဲ ဘေးကင်းပါတယ်နော်။ ကလေးတွေလည်း စာသင်သွားနေ ကြတာမို့ အဆောင်မှာ ကလေးတွေ မရှိပါဘူးနော်။ ဝါယာကြိုးကနေ ရှော့ခ်ဖြစ် လောင်တာပါနော်”ဟု ဖြစ်စဥ်ကို လူမှုကွန်ရက်ပေါ် ဖော်ပြသူက အသိပေးထားသည်။

အဆိုပါဖြစ်စဥ်အပေါ် မီးသတ်ဦးစီးဌာနကလည်း ဇန်နဝါရီ ၂၂ ရက် ၁ နာရီ မိနစ် ၂၀ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနှင့် ရတနာလမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၃၈ မိနစ် အချိန် မီးငြိမ်းခဲ့သည်ဟု အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — Myanmar Transparency News