Myanmar Transparency News

မိုးကုတ်မြို့ကို PDF တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေ

နေမိုး
၂၄. ၁. ၂၀၂၆

တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုကြောင့် TNLA က မိုးကုတ်မြို့မှ အညံ့ခံဆုတ်ခွာပေးသွားသော်လည်း TNLA ကို ဩဇာခံသည့် MDY PDF အပါအဝင် PDF ငါးဖွဲ့ထက်မနည်းက ခုခံတိုက်ခိုက်မည်ဟု ကြွေးကြော်ခဲ့မှုအား သက်သေပြမှုအဖြစ် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းအချိန် PDF များက မိုးကုတ်မြို့အား ဒရုန်းဖြင့် Drop Bomb ချတိုက်ခိုက်ရာမှ အပြစ်မဲ့အရပ်သားနှစ်ဦးသေဆုံးသွားသည်။

TNLA နှင့် NUG ဩဇာခံ PDF များက TNLA အမိန့်အရ မိုးကုတ်မြို့ပေါ်မှ စွန့်ခွာသွားသော်လည်း မြို့ပြင်အနီးတွင် တိုက်ခိုက်မှုများ ပြန်လည်ဖော်ဆောင်နေရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်သို့ PDF များက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ ဘိုကုန်းလမ်းဆုံသို့ Drop Bomb ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းနေရာအနီး ရောက်ရှိ နေသော မြို့မရပ်ကွက်နေသူများဖြစ်ကြသည့် ဦးဝင်းအောင်(၅၀)နှစ်နှင့် ဦးမိုးဆန်းဦး(၃၉)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်အပေါ် အကြမ်းဖက်အဖွဲ့များဖြစ်သော NUG နှင့် TNLA ထောက်ခံသော မီဒီယာများနှင့် ပြည်ပ​ပြေးမီဒီယာများက PDF တို့တိုက်ခိုက်မှု မှန်ကန်ကြောင်း၊ တိုက်ခိုက်သည်မှာ စစ်တန်းဗျူဟာကုန်းကို တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်မှုနည်းပညာ အဆင့်နိမ့်မှုကြောင့် စစ်တန်းကုန်းနှင့်ဝေးကွာသော လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အရပ်သားများသေဆုံးရကြောင်းလည်း ဝန်ခံဖော်ပြထားသည်။

မူရင်းသတင်း — Myanmar Transparency News