Myanmar Transparency News

အမြန်လမ်းတွင် ဖြစ်ပွားခဲ့သော တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည့် ယာဥ်တိုက်မှုအတွက် ယာဥ်မောင်းနှစ်ဦးစလုံးကို အမှုဖွင့်

၁.၂.၂၀၂၆
Written by KL

အမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် ၃၂/၂ နှင့် ၃၂/၃ ကြားတွင် ဇန်နဝါရီလ ၃၁ ရက် ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော တစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဥ်တိုက်မှုနှင့်ပတ်သက်၍ ယာဥ်မောင်းနှစ်ဦးစလုံးကို ဘောနတ်ကြီး အမြန်လမ်းရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်မှာ ရန်ကုန်ဘက်မှ နေပြည်​တော်ဘက်သို့ ကလေးနှစ်ဦးအပါအဝင် လေးဦးလိုက်ပါလာသော Toyota Probox အဖြူရောင် အငှားယာဥ်၏ နောက်ပိုင်းကို လူလေးဦးလိုက်ပါလာသည့် Toyota Levin အနက်ရောင်ယာဥ်က ကျော်တက်မောင်းနှင်ကာ ဝင်တိုက်သဖြင့် Probox ယာဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Probox ကားက နောက်ကနေကျော်တက်လာတဲ့ကားကို အမြန်ယာဥ်ကြောကနေ အနှေးယာဥ်ကြောကို ချပေးရင်းက အနောက်ကနေ တိုက်ခံရတာ။ ကားက အရှိန်နဲ့ လမ်းလယ်ကျွန်းက ထန်းပင်ကိုဝင်တိုက်ရင်း Probox ယာဥ်မောင်းက နေရာမှာတင်ဆုံးသွားတယ်။ Probox ကားပေါ်က လူတွေ ဒဏ်ရာရတာများတယ် ” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ယာဥ်တိုက်မှုကြောင့် Probox ယာဥ်မောင်း အသက် ၄၈ နှစ်အရွယ် ဦးတင်ထွန်းနိုင်မှာ နေရာတွင် သေဆုံးခဲ့ပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသမီးကြီးတွင် ဦးခေါင်းကွဲ၊ နားသွေးထွက် သတိမရ (စိုးရိမ်ရ) ဒဏ်ရာ၊ အသက် ၉ နှစ်အရွယ် ယောကျ်ားလေးတွင် ဘယ်ခြေထောက်နှင့် ညာလက်မောင်းနာကျင်ဒဏ်ရာ၊အသက် ၁၂ နှစ်အရွယ်မိန်းကလေးတွင် ဘယ်ခြေထောက်နာကျင်ဒဏ်ရာနှင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီး​ကြီးတွင် ဘယ်လက်မောင်းကျိုးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

​သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ရှင်သန်ခွင့် လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ယာဥ်တိုက်မှု​ကြောင့် Probox ယာဥ် ခေါင်းပိုင်းကြေမွပျက်စီးခဲ့ပြီး Levin အနက်ရောင်ယာဥ်တွင်လည်း ယာဥ်၏ဘယ်ဘက်နှင့် ညာဘက်ခြမ်းပျက်စီးခဲ့သည်။

လူတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သော ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့သော Probox ယာဥ်မောင်း ဦးတင်ထွန်းနိုင်နှင့် Levin အနက်ရောင်ယာဥ်မောင်း အသက် ၄၅ နှစ်အရွယ် ဦးသက်ဝင်းကိုတို့ကို ဘောနတ်ကြီး အမြန်လမ်းရဲစခန်းက ၃၀၄-က/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News