Myanmar Transparency News

လှည်းကူးတွင် လူလေးဦးသေဆုံးခဲ့သော ယာဥ်တိုက်မှုမှာ စက်ရုံဖယ်ရီကား တိုင်းရော့ပြုတ်ရာမှ တစ်ဖက်ယာဥ်ကြောရှိ ထာဝရခရီးသည်ယာဥ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ဟု သိရ

၃.၂.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ် (၂) လမ်းမကြီး၊ အင်းတိုင်ကျေးရွာအနီး ရန်ကုန်သို့ အသွားဘက်​ခြမ်းတွင် ဖော်၀ါရီလ ၃ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သော လူလေးဦးသေဆုံးခဲ့ရသည့် ယာဥ်တိုက်မှုမှာ အထည်ချုပ််စက်ရုံဖယ်ရီကား တိုင်းရော့ (Tie Rod) ပြုတ်ရာမှ တစ်ဖက်ယာဥ်ကြောသို့ရောက်ရှိပြီး ထာဝရခရီးသည်တင်ယာဥ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ အထည်ချုပ်စက်ရုံဝန်ထမ်း ၁၂ ဦးလိုက်ပါလာသော Mazda Titan အမျိုးအစား အဖြူရောင်ယာဥ်မှာ တိုင်းရော့ပြုတ်ရာမှ အရှိန်လွန်ကာ တစ်ဖက်ယာဥ်ကြောသို့ရောက်ရှိပြီး ပဲခူးမှ သင်္ဃန်းကျွန်းသို့ ပြေးဆွဲသည့် ထာဝရခရီးသည်တင် မီနီဘတ်စ်အမျိုးအစားယာဥ်ကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဥ်တိုက်မှုကြောင့် အထည်ချုပ်ဖယ်ရီ ယာဥ်မောင်း အသက် ၃၆ နှစ်အရွယ် ဦးဇော်မင်းထွေး၊ အသက် ၃၉ နှစ်အရွယ် မအေးအေးနိုင်အပါအဝင် အမျိုးသမီး သုံးဦး၊ စုစုပေါင်း လေးဦးသေဆုံးခဲ့သည်။

ထို့အပြင် အသက် ၁၇ နှစ်အရွယ် မဟန်နီတွင် ခါးနှင့်ညာလက်နာကျင်ဒဏ်ရာ၊ ထာဝရခရီးသည်တင်ယာဥ်မောင်း ဦးမိုးမင်းဦးတွင် ဦးခေါင်းနှင့် ဘယ်ခြေထောက်နာကျင်ဒဏ်ရာ၊ အသက် ၂၀ အရွယ် ကိုထက်ဝေယံဖြိုးတွင် နဖူးပေါက်ပြဲဒဏ်ရာ၊ ကျန်အမျိုးသားလေးဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၄ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ လူနာများမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း သိရသည်။

ဒဏ်ရာရလူနာများနှင့်သေဆုံးသူများကို မြို့နယ်ကြက်ခြေနီအဖွဲ့၊ ဂရုဏာရှင်၊ လင်းရောင်ခြည်၊ ပေးဆပ်သူ၊ ဓမ္မဂုဏ်ရောင်၊ မြို့မေတ္တာစသည့် လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်များဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News