Myanmar Transparency News

အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်နဲ့ သစ်တင်ယာဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်းသေဆုံးသူယာဉ်မောင်းနဲ့ မောင်းပြေးသူ ယာဉ်မောင်း နှစ်ဦးစလုံးကို အမှုဖွင့်အရေးယူ

၅ .၂ .၂၀၂၆
Written by Thiri

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဉ်တစ်စီးနဲ့ သစ်ခွဲသားတွေ တင်ဆောင်ထားတဲ့ယာဉ်တစ်စီး တိုက်မိရာက တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၅ နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ မနက် ၅ နာရီ ၂၃ မိနစ် အချိန်ခန့်မှာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဇီးပင်သာအပိုင်၊ မိုင်တိုင်အမှတ် ၁၅၇ မိုင်၊ ၇ ဖာလုံနဲ့ ၆ ဖာလုံကြားအ‌ရောက် နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ SCANIA အမျိုးအစား၊ အဖြူ/အပြာရောင် FAMOUS ခရီးသည်တင်ယာဉ်မှာ တရားမဝင်လမ်းဖြတ်မှ လမ်းဖြတ်ကူးတဲ့ ယာဉ်မောင်း/ယာဉ်အမျိုးအစား (စုံစမ်းဆဲ) မောင်းနှင်ပြီး သစ်ခွဲသားတွေတင်ဆောင်ထားတဲ့ ယာဉ်က လမ်းရဲ့ အနောက်ဘက်မှ အရှေ့ဘက်သို့ ဖြတ်ကူးစဉ် သစ်တင်ယာဉ်ရဲ့ နောက်ပိုင်းကို ဝင်ရောက်တိုက်မိပြီး အဆိုပါ FAMOUS ခရီးသည်တင်ယာဉ်မှာ လမ်းရဲ့ ယာဘက်မြေသားလမ်းပေါ်ကို ရောက်ရှိရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို တိုက်မိပြီးနောက် သစ်တင်ယာဉ်(စုံစမ်းဆဲ)မှာ မောင်း ထွက်ပြေးသွားခဲ့ကာ FAMOUS ခရီးသည်တင်ယာဉ်မောင်း ဦးသန့်ဇင် (၅၅)နှစ်မှာ ဝဲဘက်ရင်အုံဖူးယောင်၊ ဝဲလက်မောင်းကျိုး ဒဏ်ရာ‌တွေနဲ့ အခင်းဖြစ် နေရာတင် သေဆုံးခဲ့ပြီး ရုပ်အလောင်းကို တောင်ငူဆေးရုံကြီးက PR -03 နဲ့ လက်ခံထားရှိတယ်လို့ သိရပါတယ်။

ယာဉ်ပေါ်ပါခရီးသည် ကျား(၁၀)ဦး၊ မ(၂၆)ဦး၊ ပေါင်း (၃၆)ဦးအနက် မ(၃)ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ ) ရရှိခဲ့လို့ ရဲဆေးစာနှင့်အတူ တောင်ငူပြည်သူ့ ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် YGN-33၊ 1M/—-၊ SCANIA အမျိုးအစား၊ အဖြူ/အပြာရောင်ယာဉ်ရဲ့ ဦးခေါင်းပိုင်း ဝဲဘက်ခြမ်း ကြေမွပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း(၅၀)ခန့်နဲ့ Guard Rail တန်း (၈)ခန်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းကြောင့် မော်တော်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီ လူ သေဆုံး/ထိခိုက်စေကာ ယာဉ်ပျက်စီးစေသူ YGN-33၊ 1M/2228၊ SCANIA အမျိုးအစား၊ အဖြူ/အပြာရောင် ယာဉ်မောင်း သန့်ဇင်နဲ့ သစ်တင်ယာဉ်(စုံစမ်းဆဲ) ယာဉ်မောင်းတို့ကို ဇီးပင်သာရဲစခန်းက ယာဉ်(ပ)၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉/၂၀၂ နဲ့ အမှုဖွင့်အရေးယူထားရှိကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News