Myanmar Transparency News

မော်လမြိုင်- သံဖြူဇရပ် လမ်းမကြီး‌ပေါ်မှာငါးသယ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ရာက တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

၇.၂.၂၀၂၆
Written by Thiri
‌
သံဖြူဇရပ်မြို့ဘက်က‌နေ မော်လမြိုင်ဘက်ဆီ မောင်းနှင်လာတဲ့ ငါးသယ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ရာက တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရတဲ့ဖြစ်စဉ် ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် လမ်းမကြီး‌ပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ကလော့သော့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံက‌နေ သိရပါတယ်။

ဖြစ်စဉ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်ခန့်မှာ မော်လမြိုင် – သံဖြူဇရပ်လမ်းမကြီး၊ မေတ္တာမာန် ဓာတ်ဆီဆိုင်အနီးမှာ ကားတစ်စီး မတော်တဆတိမ်းမှောက်နေကြောင်း တာဝန်သိပြည်သူတချို့က ကလော့သော့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံ အကြောင်းကြားလာတာ‌ကြောင့် အဖွဲ့မှအချိန်နဲ့တစ်ပြေးညီထွက်ခွာကူညီခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်‌နေရာအရောက် ငါးသယ်ယာဉ်တစ်စီးမတော်တဆတိမ်းမှောက်နေပြီး ယာဉ်ပေါ်မှာစီးနှင်းလာတဲ့ အမျိုးသားနှစ်ဦးဖြစ်တဲ့ မော်လမြိုင်မြို့၊ မုပွန်း၊ သရက်ကုန်းရပ်ကွက်နေ အမည် မောင်ဖြူ (အမည်လွှဲ) အသက် ၃၀ နှစ်မှာ ဘယ်ဘက်ဒူးခေါင်း ကွဲပြဲဒဏ်ရာနဲ့ ဦးခေါင်းကွဲဒဏ်ရာတွေရရှိထားတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

နောက်ထပ် အသက်(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးမှာတော့ နေရာတင်သေဆုံးခဲ့တာကြောင့် အခင်းဖြစ်ရာနေရာမှ ကမာဝက်ဆေးရုံဆီ ကလော့သော့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ‌စနစ်တကျ ထုပ်ပိုးကောက်ယူခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူရော သေဆုံးသူကိုပါ ကလော့သော့လူငယ်အရေးပေါ်ကယ်ဆယ်ရေးယာဉ်နဲ့ ကမာဝက်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News