Myanmar Transparency News

၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံက အားကစားနည်း ၁၁ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေ

​MT News
၁၁. ၅. ၂၀၂၆

​ဂျပန်နိုင်ငံ၊ အိုက်ချီ-နာဂိုယာ (Aichi-Nagoya) မြို့တွင် ကျင်းပမည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အားကစားနည်း ၁၁ မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားသမားများ စေလွှတ်သွားရန် စီစဉ်ထားကြောင်း အားကစားတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

​ကမ္ဘောဒီးယား အမျိုးသားအားကစားလေ့ကျင့်ရေးစင်တာ ညွှန်ကြားရေးမှူး Yean Kisivutha ၏ ပြောကြားချက်အရ လျာထားသည့် အားကစားနည်းများမှာ​ရေကူး၊ ​ပြေးခုန်ပစ်၊ ​လက်ဝှေ့၊ ​ဂျူဂျစ်ဆု (Jujitsu)၊​ဂျူဒို၊ ​ကရာတေး၊ ​တိုက်ကွမ်ဒို (WT)၊ ​အားကစားသုံးမျိုးပြိုင်ပွဲ (Triathlon)၊ ​နပန်း ​အီးစပေါ့ (E-sports) နှင့် ​တက်ဘော (Teqball) တို့ ဖြစ်ကြသည်။

​”အထက်ပါ အားကစားနည်း ၁၁ မျိုးထဲက တိုက်ကွမ်ဒိုနဲ့ အီးစပေါ့ အားကစားနည်းတွေဟာ ဂျပန်မှာကျင်းပမယ့် တရားဝင်ပွဲစဉ်မှာ ပါဝင်ခွင့်ရဖို့အတွက် ခြေစစ်ပွဲတွေကို အရင်ဆုံး အောင်မြင်အောင် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်” ဟု အားကစားပြိုင်ပွဲအတွက် ပြင်ဆင်မှုဆိုင်ရာ အစည်းအဝေးအပြီးတွင် ၎င်းက ပြောကြားခဲ့သည်။

​အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုဗစ် ၁၉ ကြောင့် ​၂၀၂၃ ခုနှစ်အတွင်း ရွှေ့ဆိုင်းကျင်းပရသည့် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သော (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ ကမ္ဘောဒီးယားနိုင်ငံသည် အမျိုးသမီး ကရာတေး (Kata) ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုသာ ဆွတ်ခူးရရှိခဲ့သည်။

Ref: Xinhua

မူရင်းသတင်း — Myanmar Transparency News