သယ်ယူပို့ဆောင်ရေးအခက်အခဲများနှင့် လမ်းခရီးကြန့်ကြာမှုများကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများမှ မန္တလေးဈေးကွက်သို့ တင်ပို့လာသည့် နာနတ်သီးများ ပုပ်သိုးပျက်စီးမှုမြင့်တက်နေပြီး ဈေးကောင်းမရရှိသဖြင့် ကုန်သည်များနှင့် တောင်သူများ အခက်အခဲများ ကြုံတွေ့နေရကြောင်း သစ်သီးပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။
နယ်မြေအခြေအနေများကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် လမ်းခရီးကြန့်ကြာမှုများ ဖြစ်ပေါ်နေသဖြင့် ယခင်က ရက်ပိုင်းအတွင်း ရောက်ရှိနိုင်သည့် နာနတ်သီးများမှာ လက်ရှိတွင် ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်လေ့ရှိပြီး အချို့ကုန်တင်ယာဉ်များမှာ ၇ ရက်ခန့်အထိ လမ်းခရီးတွင် ကြန့်ကြာနေရကြောင်း သိရသည်။
နာနတ်သီးသည် ပျက်စီးလွယ်သည့် သစ်သီးအမျိုးအစားဖြစ်သည့်အတွက် လမ်းခရီးကြန့်ကြာမှုများသာမက ကုန်စည်စီးဆင်းရာလမ်းတစ်လျှောက် အခြေအနေများကြောင့် ကုန်ပစ္စည်းများကို စုပြုံကျပ်တည်းစွာ ထုပ်ပိုးသယ်ဆောင်ရခြင်းများကလည်း ပျက်စီးဆုံးရှုံးမှုကို ပိုမိုများပြားစေကြောင်း ကုန်သည်များက ဆိုသည်။
ထို့ပြင် ပေါ်ဦးပေါ်ဖျား နာနတ်သီးများမှာ ယခင်နှစ်များအတွင်း ဈေးကောင်းရရှိကာ အမြတ်အစွန်းများခဲ့သော်လည်း ယခုနှစ်တွင် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် အရှုံးမပေါ်ရေးကိုသာ ဦးစားပေးရုန်းကန်နေရကြောင်း မန္တလေးအခြေစိုက် သီးနှံပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဈေးနှုန်းအခြေအနေအရ ယခင်နှစ် အလားတူကာလတွင် နာနတ်သီးတစ်လုံးလျှင် ပျမ်းမျှ ကျပ် ၅,၀၀၀ ဝန်းကျင်အထိ ရရှိခဲ့သော်လည်း လက်ရှိတွင် အရည်အသွေးကောင်း နာနတ်သီးများပင် ကျပ် ၁,၅၀၀ မှ ၂,၀၀၀ ဝန်းကျင်သာ ရရှိနေကြောင်း သိရသည်။
ပုပ်သိုးပျက်စီးမှုများသော နာနတ်သီးများမှာမူ တစ်လုံးလျှင် ကျပ် ၃၀၀ မှ ၅၀၀ ဝန်းကျင်ဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။