အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊ တရားမျှတမှုနှင့် ကုန်သွယ်ရေးချိန်ခွင်လျှာညှိမှုတို့ကိုသာ အဓိကအာရုံစိုက်မည်ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများ၏ ရလဒ်နှင့် ချိတ်ဆက်မည်ဟု ယူဆသုံးသပ်ထားသော သတင်းများသည် မမှန်ကန်ကြောင်းနှင့် ထိုယူဆချက်သည် အစိုးရ၏ မူဝါဒကို မထင်ဟပ်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက်ခ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အစိုးရသည် အမေရိက၏ အဆိုပြုချက်များနှင့်ပတ်သက်၍ အထူးသဖြင့် လယ်သမားများ၊ စီးပွားရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍနှင့် ထိုင်းပြည်သူများအပေါ် ၎င်းတို့၏ အကျိုးသက်ရောက် နိုင်ခြေများကို ဂရုတစိုက်စဉ်းစားမည်ဟု သူက ပြောကြားခဲ့သည်။
ထိုင်းအစိုးရသည် အမေရိကနှင့် ၎င်း၏ ရေရှည်လုံခြုံရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို လာမည့်ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် အားသားချက်အဖြစ် အသုံးချရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ နိုင်ငံတကာမီဒီယာ သတင်းတစ်ပုဒ်က ဖော်ပြသည်ကို ရာချာဒါက တုန့်ပြန်ခဲ့သည်။
အမေရိက၏ ပိုမိုတင်းကျပ်သော အခွန်ကောက်ခံမှုများသည် အာရှတွင် အမေရိက၏ ရှေးအကျဆုံး လုံခြုံရေးမဟာမိတ်များထဲမှ တစ်ခု၏ အုတ်မြစ်ဖြစ်သော ထိုင်းနိုင်ငံအား ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်ခန်းအပါအဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအဆင့်ကို ပြန်လည်သုံးသပ်ရန် ဖိအားပေးနိုင်ကြောင်းကို အမေရိကန်အစိုးရအား သတိပေးရန် အဆိုပါသတင်းက ရည်ရွယ်သည်။
ပုံမှန်အားဖြင့် ကုန်သွယ်ရေးကိုသာ အဓိကထားမည့် ဆွေးနွေးပွဲများတွင် ဝါရှင်တန်နှင့် ဆယ်စုနှစ်များစွာကြာ လုံခြုံရေးဆက်ဆံရေးကို ထိုင်းနိုင်ငံက အားသာချက်အဖြစ် အသုံးချရန် ထူးခြားသော ကြိုးပမ်းမှုတစ်ခုအဖြစ် အစီရင်ခံစာက ဖော်ပြခဲ့သည်။
ကုန်သွယ်ရေးဆွေးနွေးပွဲများ၏ ရည်မှန်းချက်မှာ ထိုင်းနိုင်ငံရှိ အဓိကကဏ္ဍများအပေါ် အလွန်အကျွံ့ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ နှစ်ဖက်စလုံးသင့်လျော်သော အကျိုးကျေးဇူးများ ရရှိစေမည့် သဘောတူညီချက်တစ်ခု ရရှိရန်ဖြစ်ကြောင်း ရာချာဒါက ပြောကြားခဲ့သည်။
ထိုင်း-အမေရိက လုံခြုံရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး ဘုံလုံခြုံရေးအကျိုးစီးပွားများအပေါ် အခြေခံထားကြောင်း သူက ပြောကြားခဲ့သည်။
Ref: ထိုင်းပီဘီအက်စ်ဝေါလ်