Popular Myanmar

အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အာရှထိပ်သီးအသင်းများပါဝင်သည့် အုပ်စု (B) ၌ ကျရောက်

ရန်ကုန်၊ ဇူလိုင် ၂၃

၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ Hilton Nagoya Hotel ၌ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှအင်အားကြီးအသင်းများ ပါဝင်သည့် Group (B) တွင် ကျရောက်ခဲ့ကြောင်း သိရသည်။

မြန်မာအသင်း ပါဝင်သည့် အုပ်စု (B) တွင် အာရှထိပ်သီးအသင်းများဖြစ်သည့် တောင်ကိုရီးယား၊ မြောက်ကိုရီးယားတို့အပြင် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်နေသဖြင့် ပွဲစဉ်များ အပြိုင်အဆိုင် ပြင်းထန်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

ပြိုင်ပွဲတွင် အာရှဒေသတွင်းမှ အသင်းပေါင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုသုံးစု ခွဲဝေယှဉ်ပြိုင်စေမည်ဖြစ်သည်။ အခြားအုပ်စုများ၏ မဲခွဲမှုအရ Group (A) တွင် အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ ပါဝင်နေပြီး Group (C) တွင်မူ တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်နှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အုပ်စုပွဲစဉ်များ အပြီးတွင် အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယရရှိသည့် ၆ သင်းအပြင် အုပ်စုတတိယ အကောင်းဆုံး ၂ သင်း စုစုပေါင်း ၈ သင်းသည် ကွာတားဖိုင်နယ် (ရှစ်သင်းအဆင့်) သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဂျပန်နိုင်ငံရှိ ဖုခုအိုကာ၊ အိုဆာကာ၊ ဂိဖု၊ နာဂိုယာနှင့် ကာရိယာမြို့များ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar