Myanmar Transparency News

NLD အမတ်ဟောင်းနဲ့ NUG ရဲ့ မန္တလေး ပကဖတာဝန်ခံကို မိုင်းလား NDAA က ဖမ်းဆီးပြီး တပ်မတော်ထံ အပ်နှံတယ်လို့ သတင်းထွက်ပေါ်

နေမိုး
၂၅. ၇. ၂၀၂၆

NLD ပါတီရဲ့ တံတားဦး အမတ်ဟောင်းနဲ့ NUG ရဲ့ မန္တလေး ပကဖတာဝန်ခံ ဝဏ္ဏအောင်ကို အထူးဒေသ (၄) မိုင်းလား NDAA က ဖမ်းဆီးပြီး တပ်မတော်ထံ အပ်နှံတယ်လို့ ဒေသတွင်းသတင်းတွေနဲ့ ပြည်တွင်းပြည်ပသတင်းဌာနတွေက သတင်းဖော်ပြနေပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ထဲက တပ်မ ဂိတ်မှာ ဇနီးဖြစ်သူ အရင်ဖမ်းခံရပြီးမှ မိုင်းလားနယ်ထဲရောက်နေတဲ့ NUG မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ဇူလိုင် ၂၃ ရက်မှာ ဆက်လက် ဖမ်းဆီးခံရတာလို့ BBC သတင်းဌာနက ပကဖသတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြပါတယ်။

တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးတဲ့ NLD အမတ်ဟောင်း ဝဏ္ဏအောင်ဟာ NUG မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံအဖြစ် ဏကြီးနာမည်နဲ့ လှုပ်ရှားပြီး NLD ရဲ့ အသက်အငယ်ဆုံးအမတ်လည်းဖြစ်ခဲ့သလို နာမည်ကျော်ဒီပဲယင်းအရေးအခင်းမှာ လုံခြုံရေးလိုက်ခဲ့သူမို့ အမတ်ဝင်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး တပ်မတော်၊ မိုင်းလားနဲ့ NUG က သတင်းထုတ်ပြန်လာတာ မရှိသေးလို့ MT News အနေနဲ့ သက်ဆိုင်ရာဘက်အသီးသီးကို ဆက်သွယ်အတည်ပြုနေပြီး တုံ့ပြန်လာရင် ထပ်မံဖော်ပြပေးပါမယ်။

မူရင်းသတင်း — Myanmar Transparency News