Myanmar Transparency News

ရန်ကုန်မြို့ရှိ ဆွီဒင်သံရုံး၏ သံရုံးခွဲအား ယနေ့ အပြီးတိုင်ပိတ်သိမ်း

သက်တံ့
၇. ၈. ၂၀၂၆

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ဆွီဒင်သံရုံး၏ သံရုံးခွဲ (Section Office) ကို အပြီးတိုင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံအတွက် ဖွင့်လှစ်ထားသည့် ဆွီဒင်သံရုံးခွဲ The Section Office of the Embassy of Sweden in Yangon က ယနေ့ ထုတ်ပြန်ကြေညာသည်။

ယခုအချိန်မှစ၍ မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ဆွီဒင်နိုင်ငံဆိုင်ရာ ကိစ္စရပ်များအားလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံးမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ ဘန်ကောက်ရှိ ဆွီဒင်သံရုံးသို့ ဆက်သွယ်နိုင်သည့် အသေးစိတ် အချက်အလက်များကို www.swedenabroad.se/en/embassies/thailand-bangkok/ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်ဟုလည်း ဖော်ပြသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ သံရုံးခွဲ၏ တရားဝင် Facebook အကောင့်ကိုပါ အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် ဆွီဒင်သံရုံး၏ သတင်းအချက်အလက်များကို ဘန်ကောက်ရှိ ဆွီဒင်သံရုံး၏ တရားဝင် Facebook စာမျက်နှာ [www.facebook.com/SwedeninBangkok/](https://www.facebook.com/SwedeninBangkok/) တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ဆွီဒင်သံရုံး၏ သံအမတ်ကြီး ဖြစ်သူ H.E. Mrs. Anna Hammargren သည် ထိုင်းနိုင်ငံအပြင် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အတွက်ပါ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားသူ (Non – resident / Side accredited Ambassador) ဖြစ်သည်။

ဆွီဒင်နိုင်ငံသည် မြန်မာနိုင်ငံတွင် သံအမတ်ကြီးရုံးထိုင်သည့် ပင်မသံရုံးကြီး ဖွင့်လှစ်ထားခြင်းမရှိဘဲ ရန်ကုန်မြို့တွင် သံရုံးခွဲ (Section Office) အဆင့်ဖြင့်သာ တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးအဆိုပါသံရုံးခွဲကိုလည်း ယနေ့တွင် အပြီးတိုင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News