ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် အမှတ် (၃) အဆန် DEMU လူစီးအမြန်ရထားပေါ်၌ အရက်သေစာ သောက်စားမူးယစ်ကာ အခြားခရီးသည်များအား စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူပြောဆိုခဲ့သည့် အမျိုးသား (၃) ဦးကို မီးရထားရဲတပ်ဖွဲ့က ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက အဆိုပါ DEMU ရထားပေါ်တွင် မီးရထားရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးစစ်ဆေးစဉ် ပထမတန်းတွဲ၌ လိုက်ပါလာသည့် မတ္တရာနှင့် တံတားဦးမြို့နယ်တို့မှ ကံကောင်း (၄၄) နှစ်၊ ဉာဏ်ပို (၄၈) နှစ်နှင့် ဇော်လင်း (၄၈) နှစ်တို့ (၃) ဦးသည် အရက်သေစာ သောက်စားမူးယစ်ပြီး ပတ်ဝန်းကျင်မှ ခရီးသည်များအား အနှောင့်အယှက်ပေးနေသည့်အတွက် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ ပါဝင်သူ (၃) ဦးအား ရမည်းသင်းမြို့မရဲစခန်း၌ (ပ) ၁၆၇/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရှိရသည်။
မြန်မာ့မီးရထားအနေဖြင့် လိုက်ပါစီးနင်းသူ ခရီးသည်များ စိတ်ငြိုငြင်မှုမရှိစေရေး၊ ရထားအတွင်း သန့်ရှင်းသပ်ရပ်မှုနှင့် ဘေးကင်းလုံခြုံရေးတို့အတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အစဉ်တစိုက် အသိပေးထုတ်ပြန်ထားသော်လည်း လိုက်နာမှုမရှိဘဲ စည်းကမ်းဖောက်ဖျက်သူများကို ယခုကဲ့သို့ ထိရောက်စွာ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။