Popular Myanmar

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ဇူလိုင်-၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင် လဲကျပြီး မောင်းနှင်နေသည့် ကားပေါ်သို့ ပိမိခဲ့ရာ လူ ၂ ဦး ကားအတွင်းညပ်နေခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်ကယ် ဆယ်ရေးဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။

အခင်းဖြစ်နေရာတွင် ကားအတွင်းညပ်နေသည့် ဒဏ်ရာရအမျိုးသားတစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးတို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ကားအ တွင်းမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့၏ အမည်၊အသက်နှင့်နေရပ်လိပ်စာကို မေးမြန်းရာ၌ “လောလောဆယ် သေဆုံးသူကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ထားပါတယ်။ သူတို့ရဲ့နာမည်နဲ့ အသက်ကိုတော့ ကျွန်တော်တို့ မသိရပါဘူး။ ကယ်ဆယ်ပေးရုံဆိုတော့”ဟု အနာဂတ်အလင်းတန်း လူမှုကူညီရေးအဖွဲ့က ပြော သည်။

ယင်းနှင့်ပတ်သက်၍ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာတာ ဝန်ရှိသူများက ဆက်လက်စုံစမ်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-အနာဂတ်အလင်းတန်းလူမှုကူညီရေးအသင်း

မူရင်းသတင်း — Popular Myanmar