Popular Myanmar

ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်ခြေနဲ့ ပတ်သက်ပြီး ထရမ့် အကောင်းမြင်

ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် အလားအလာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကောင်းမြင်ထားတယ်ဆိုပြီး အိမ်ဖြူတော် သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီးတော့ The Wall Street Journal က သတင်းထုတ်ပြန်ထားပါတယ်။

​အမေရိကန် အရာရှိတစ်ဦးရဲ့ ပြောကြားချက်အရဆိုရင် သမ္မတနဲ့ သူ့အဖွဲ့ဟာ ဒီပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီး ရုရှားရော ယူကရိန်းနဲ့ပါ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်မယ့် အလားအလာတွေအပေါ် ထရမ့်က အကောင်းမြင်ထားတယ်လို့ အဲဒီသတင်းရင်းမြစ်က သတင်းစာကို ပြောခဲ့တာပါ။ အမေရိကန်သမ္မတအနေနဲ့ ဒီပဋိပက္ခကို အဆုံးသတ်ချင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြောခဲ့တယ်လို့လည်း The Wall Street Journal မှာ ဖော်ပြထားပါသေးတယ်။

​ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့တုန်းကတော့ အလက်စကာ ထိပ်သီးဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ ယူကရိန်းနဲ့ပတ်သက်တဲ့ နားလည်မှုတွေအပေါ် အမေရိကန်ဘက်က ချဉ်းကပ်ပုံ ပြောင်းလဲသွားပုံရတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် က ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ရုရှားအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူတို့ရဲ့ ရည်မှန်းချက်တွေကိုတော့ ပြည့်ဝအောင် လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

မူရင်းသတင်း — Popular Myanmar