
ပေကျင်း၊ ဇူလိုင် ၂၈
ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် Global Development Initiative (GDI) ကို ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (2030 Agenda for Sustainable Development) အကောင်အထည်ဖော်ရေးအတွက် အဓိက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမူဘောင်အဖြစ် ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားလိုက်သည်။
ပေကျင်းမြို့ Diaoyutai State Guesthouse ၌ ကျင်းပသည့် “The Global Development Initiative at Five Years: Joining Hands for a Brighter Future of Sustainable Development” အဆင့်မြင့်အစည်းအဝေးတွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ ဝမ်ယီက လက်ရှိနိုင်ငံတကာအခြေအနေသည် မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရပြီး ၂၀၃၀ အစီအစဉ် အကောင်အထည်ဖော်ရေးမှာလည်း သိသာထင်ရှားသည့် အဟန့်အတားများ ကြုံတွေ့နေရကြောင်း၊ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ဖွံ့ဖြိုးရေးကွာဟချက်များ ဆက်လက်ကျယ်ပြန့်လာနေသည့် အခြေအနေတွင် GDI ၏ မဟာဗျူဟာတန်ဖိုးမှာ ပိုမိုထင်ရှားလာကြောင်း ပြောကြားခဲ့သည်။
ဝမ်ယီက ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအခြေခံ အစီအစဉ်ကို ထိန်းသိမ်းကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့ အပြန်အလှန်အားဖြည့်ပေးနိုင်သည့် နိုင်ငံတကာပတ်ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးရေးကို နိုင်ငံတကာအစီအစဉ်များ၏ ဗဟိုချက်အဖြစ် ဆက်လက်ထားရှိကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
၎င်း၏အဆိုအရ GDI သည် သမ္မတ ရှီကျင့်ဖျင်က ၂၀၂၁ ခုနှစ်တွင် အဆိုပြုပြီးနောက် ငါးနှစ်အတွင်း အယူအဆအဆင့်မှ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအဆင့်သို့ ဖွံ့ဖြိုးလာခဲ့ပြီး GDI Group of Friends တွင် အဖွဲ့ဝင်နိုင်ငံ ၈၀ ကျော် ပါဝင်လာခဲ့သလို ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီ ၂၀ ကျော်နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုယန္တရားများ တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် China-UN Peace and Development Fund နှင့် Global Development and South-South Cooperation Fund တို့၏ ပံ့ပိုးမှုဖြင့် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကျော်ကို စုစည်းအသုံးချနိုင်ခဲ့ပြီး လက်တွေ့ဖွံ့ဖြိုးရေးစီမံကိန်း ၁,၈၀၀ ကျော်ကို အကောင်အထည်ဖော်နိုင်ခဲ့ကာ နိုင်ငံအသီးသီးမှ လူ့စွမ်းအားအရင်းအမြစ် ၂ သိန်းကျော်ကို လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း ဝမ်ယီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပြီး ရန်ပုံငွေ၊ နည်းပညာနှင့် လူ့စွမ်းအားဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့များကို တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ၊ ဘက်ပေါင်းစုံနှင့် သုံးဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ မညီမျှသည့် ဖွံ့ဖြိုးရေးပြဿနာများကို အတူတကွ ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
နည်းပညာမူဝါဒပိုင်းနှင့် ပတ်သက်၍ ဝမ်ယီက ဒစ်ဂျစ်တယ်နှင့် အေအိုင် (AI) ကွာဟချက်များကို လျှော့ချရေးသည် Global South နိုင်ငံများအတွက် အရေးကြီးသည့် ဖွံ့ဖြိုးရေးဦးစားပေးကိစ္စရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံ ၂၈ နိုင်ငံတို့ ပူးပေါင်းစတင်ခဲ့သည့် World Artificial Intelligence Cooperation Initiative သည် အေအိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အေအိုင်အုပ်ချုပ်မှုစနစ်ကို မြှင့်တင်ရန် ရည်ရွယ်သည့် အရေးပါသော ပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍လည်း စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်များကို ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်ရန်၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဖွံ့ဖြိုးရေးကတိကဝတ်များကို အပြည့်အဝ အကောင်အထည်ဖော်ရန်နှင့် ၂၀၃၀ နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ရေးဆွဲရာတွင် Global South နိုင်ငံများ၏ ဦးစားပေးလိုအပ်ချက်များနှင့် အမြင်များကို ပိုမိုထည့်သွင်းစဉ်းစားသင့်ကြောင်း ဝမ်ယီက တိုက်တွန်းပြောကြားခဲ့သည်။
မိန့်ခွန်းအဆုံးတွင် ဝမ်ယီက တရုတ်နိုင်ငံသည်မည်သို့သော နိုင်ငံတကာအခြေအနေများ ပြောင်းလဲလာစေကာမူ တာဝန်ယူမှုရှိသည့် အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးနှင့်ချိတ်ဆက်၍ Global Development Initiative ကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သလို ဖွံ့ဖြိုးရေးအခွင့်အလမ်းများကို ကမ္ဘာနှင့်မျှဝေကာ လူသားမျိုးနွယ်အတွက် ဘုံအနာဂတ်ရှိသည့် အသိုက်အဝန်း တည်ဆောက်ရေးကိုဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။