
ကမ္ဘာပေါ်တွင်နိုင်ငံပေါင်း ၁၉၀ ကျော်ရှိကာ အုပ်ချုပ်မှုစနစ်၊ နိုင်ငံရေးစနစ်၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နောက်ခံသမိုင်းကြောင်းများစွာ ကွဲပြားခြားနားကြသည်။ လက်ရှိအချိန်တွင် နိုင်ငံအချို့က အုပ်ချုပ်မှုစနစ်နှင့် နိုင်ငံရေးစနစ်တို့ တည်ငြိမ်ရန်ကြိုးစားနေကြရပြီး အချို့နိုင်ငံများက စီးပွားရေးတည်ငြိမ်ရန်၊ ကုန်သွယ်လိုငွေလျော့နည်းစေရန် ကြိုးစားနေကြရသည်။ အချို့က လူမှုရေးကွဲပြားခြားနားမှု၊ ကွာဟမှုများကို လျော့နည်း၍ တည်ငြိမ်ရန် ကြိုးစားနေကြရသည်။ သို့သော် အာရှတိုက်၏ နှစ်ပေါင်း ၅၀၀၀ ကျော်သက်တမ်းရှိသော တရုတ်လူ့အဖွဲ့အစည်းကတော့ ယနေ့အချိန်တွင် အုပ်ချုပ်မှုစနစ်၊ နိုင်ငံရေးစနစ်၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ တည်ငြိမ်တိုးတက်နေလျက် ရိုးရာယဉ်ကျေးမှုကလည်း နှစ် ၅,၀၀၀ ကျော် သက်တမ်းနှင့်လျော်ညီစွာပင် ခမ်းနားကြီးကျယ်လွန်းလှသည်။
■ ဒီမိုကရေစီတန်ဖိုးများပါဝင်သောကွန်မြူနစ်ပါတီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တရုတ်ကွန်မြူနစ်ပါတီကဦးဆောင်သော ပါတီစုံပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံရေးတိုင်ပင်ဆွေးနွေးခြင်း၊ ရွေးကောက်တင်မြှောက်ခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်း၊ တိုင်းရင်းသားအုပ်ချုပ်ခွင့်ဒေသများ ခွင့်ပြုထားခြင်းစသည့် ထူးခြားသောနိုင်ငံရေးစနစ်ကို ကျင့်သုံးသည့် တိုင်းပြည်ဖြစ်သည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီကို အနောက်အုပ်စုနိုင်ငံများက တစ်ပါတီအာဏာရှင်စနစ်ဟု သမုတ်နေကြခြင်းသည် မှားယွင်းသောစွပ်စွဲချက်သာဖြစ်၍ တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်သည့် တရုတ်နိုင်ငံသည် ခေတ်သစ်ကမ္ဘာလူသားများသမိုင်း၏ “အောင်မြင်ခြင်းဇာတ်လမ်းတစ်ပုဒ်” လည်းဖြစ်သည်။
ထို”အောင်မြင်ခြင်းဇာတ်လမ်း” ၏ ဇာတ်ညွှန်း၏အစပြုရာကာလသည် ၁၉၂၁ ခုနှစ်တွင်ဖြစ်သည်။ ၁၉၂၁ ခုနှစ်၊ ဇူလိုင်လတွင် “တရုတ်လူမျိုးများ၏ ပျော်ရွှင်ချမ်းမြေ့သောဘဝကို ရှာဖွေရန်နှင့် တရုတ်နိုင်ငံတော်အတွက် ခွန်အားသစ်လောင်းရန်” ဟူသောရည်ရွယ်ချက်များဖြင့် တရုတ်ကွန်မြူနစ်ပါတီကို ရှန်ဟိုင်းတွင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုအချိန်မှစတင်ကာ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်လူမျိုးများအတွက် ဒီမိုကရေစီတိုက်ပွဲခရီးရှည်၊ အောင်မြင်တိုးတက်မှု ခရီးရှည်၊ ချမ်းသာကြွယ်ဝ၍ တရုတ်အမျိုးသားတစ်ရပ်လုံး ပျော်ရွှင်အသက်ရှည်စေရေးတိုက်ပွဲ ခရီးရှည်၊ ကမ္ဘာကြီးတည်ငြိမ် အေးချမ်းရေး တည်တံ့စေရေးတိုက်ပွဲခရီးရှည်ကြီးများအတွက် စတင်ခဲ့တော့သည်။
၁၉၄၅ ခုနှစ်၊ ဖက်ဆစ်ဂျပန်အားခုခံတွန်းလှန်ခြင်းစစ်ပွဲပြီးသည့်နောက် ၁၉၄၇ ခုနှစ်၊ ဆောင်းဦးရာသီကာလတွင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံ၏ပြည်တွင်းစစ် (ခေါ်) “ပြည်သူ့လွတ်မြောက်ရေးစစ်ပွဲ” ၌ အသာစီးရလာခဲ့ပြီး တစ်နိုင်ငံလုံး၏အာဏာကို ရယူရန်လက်တစ်ကမ်း အလိုသို့ရောက်လာခဲ့သည်။ ထိုကဲ့သို့ တရုတ်တစ်နိုင်ငံလုံး၏အာဏာကို ရရှိရန်အလွန်နီးစပ်လာချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုဖြစ်သော “အခြားပါတီများ၊ ဒီမိုကရက်များနှင့် ပါတီချင်းပူးပေါင်းရန်မလိုဘဲ တရုတ်နိုင်ငံတော်အသစ်ကို အတူတကွတည်ထောင်ကြမည်” ဟု ဆုံးဖြတ်ခဲ့ကြသည်။ ဤသည်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာရှင်စရိုက်ကင်းမဲ့သော၊ ဒီမိုကရေစီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်တန်ဖိုးထားခြင်းများကို အပြည့်အဝထင်ဟပ်နေသည်။
■ မေဒေးကြေညာချက်နှင့် အခြားပါတီများစွာ၏ပါဝင်ခွင့်
ထို့နောက် ၁၉၄၈ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ထင်ရှားသော “မေဒေးကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ကို ၁၉၄၉ ခုနှစ်တွင် ကျင်းပနိုင်မည့် ဆုံးဖြတ်ချက်များပါဝင်သော အဆိုပါ “မေဒေးကြေညာချက်” တွင် “အခြားသော ဒီမိုကရက်တစ်ပါတီများ၊ ပြည်သူ့အဖွဲ့အစည်းများ၊ လူမှုရေးခေါင်းဆောင်များ၊ မျိုးချစ်ဒီမိုကရက်များ ပါဝင်သော ပြည်သူ့ကွန်ကရက်ကို ကျင်းပ၍ ဒီမိုကရက်တစ်ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းကာ တရုတ်နိုင်ငံအသစ်ကိုတည်ထောင်မည်” ဟု ပါဝင်ခဲ့သည်။
၎င်းကြေညာချက်သည် တရုတ်နိုင်ငံတော်သစ်တည်ထောင်ခြင်းနှင့် တရုတ်နိုင်ငံ၏ နိုင်ငံရေးအုတ်မြစ်တွင် ဒီမိုကရေစီစနစ်ပါဝင်သော အရေးပါသည့်မဟာဗျူဟာကျသော အချက်တစ်ချက်လည်းဖြစ်သည်ဟု ဆိုနိုင်သည်။ မေဒေးကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ၁၉၄၈ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် “တရုတ်ကူမင်တန် တော်လှန်ရေးကော်မတီ၊ တရုတ်ဒီမိုကရက်တစ် အဖွဲ့ချုပ်၊ ဒီမိုကရေစီမြှင့်တင်ရေး တရုတ်နိုင်ငံလုံးဆိုင်ရာအစည်းအရုံး၊ ပြည်သူ့အကျိုးစီးပွားအတွက် တရုတ်ပါတီ၊ တရုတ်နိုင်ငံ လယ်သမားများနှင့် အလုပ်သမားများ ဒီမိုကရက်တစ်ပါတီ၊ တရုတ်ပြည်သူ့အမျိုးသား ကယ်တင်ရေးအစည်းအရုံး၊ ဒီမိုကရေစီမြှင့်တင်ရေးကူမင်တန်အစည်းအရုံး၊ ပြည်သူ့မဟာမိတ်များ၏ ညီညွတ်ရေး အခြေခံမူသုံးရပ်ဖက်ဒရေးရှင်း” စသည့် ပါတီနှင့် အဖွဲ့အစည်းများအပြင် မည်သည့်ပါတီဝင်မျှ မဟုတ်သော လွတ်လပ်သောလူပုဂ္ဂိုလ်များက မေဒေးကြေညာချက်အပေါ် အပြုသဘောဆောင်သည့် ကြေးနန်းစာများနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုအောက်တွင် “အသစ်ဖြစ်သော၊ လွတ်လပ်သော၊ အမှီအခိုကင်းသော၊ ငြိမ်းချမ်းသာယာ၍ ပျော်ရွှင်ဖွယ်ရာများရှိသော တရုတ်နိုင်ငံတော်အသစ်ကို အတူတကွပူးပေါင်းတည်ထောင်ကြမည့်” ကြေးနန်းစာများကို အသီးသီးပို့ကြလေသည်။
ထိုသို့ အခြားသောပါတီအင်အားစုများက တရုတ်ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုအောက်တွင် ပူးပေါင်းပါဝင်လာခြင်းသည် တရုတ်နိုင်ငံ၏ဒီမိုကရေစီနှင့် ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲများအတွင်း ၎င်းတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ၁၉၁၁ တော်လှန်ရေးကာလအပြီး ကျင့်သုံးခဲ့သည့် ပါလီမန်စနစ်၊ ပါတီစုံစနစ်နှင့် သမ္မတစနစ်များ၏ကျဆုံးမှုများကြောင့်ဖြစ်သည်။ အဆိုပါမတူကွဲပြားမှုများစွာရှိသော အင်အားစုများက တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံတော်အသစ်၏ ဒီမိုကရေစီအတွက်
မျှော်လင့်ချက်ဖြစ်သည်ဟု မြင်ခဲ့ကြသည်။ ထိုယုံကြည်ချက်၊ မျှော်လင့်ချက်များနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ တည်ကြည်သောဦးဆောင်မှုများကပင် ယနေ့ထက်တိုင်အရှိန်အဟုန်ကောင်းစွာ မောင်းနှင်ခဲ့ကြသည့် တရုတ်နိုင်ငံ၏ ထူးခြားသောအုပ်ချုပ်ရေးပုံစံပင်ဖြစ်တော့သည်။
(“မေဒေးကြေညာချက်နှင့် အခြားပါတီများစွာ၏ပါဝင်ခွင့်” ခေါင်းစဉ်ခွဲပါအကြောင်းအရာများသည် Li Junru ရေးသားသော “Chinese Style Democracy: Whole-Process People’s Democracy”: Published by China International Publishing Group and Foreign Language Press; First Edition 2023 မှအချက်အလက်များကို မှီငြမ်းရေးသားသည်။)
■ အံ့မခန်းတိုးတက်မှုများနှင့် China Miracle
၂၀၂၆ခုနှစ်၊ ဇူလိုင်(၁)ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခဲ့ခြင်း ၁၀၅နှစ်ပြည့်မြောက်ခဲ့ကာ တရုတ်နိုင်ငံတော်သစ်တည်ထောင်ခဲ့သည်မှာ လာမည့်အောက်တိုဘာလ (၁) ရက်နေ့တွင် ၇၇ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပါသည်။ ၇၇ နှစ်တာကာလ၏ ခရီးရှည်ချီတက်မှုရလဒ်များက အံ့မခန်း များပြားလွန်းလှသည်။ တရုတ်ကွန်မြူနစ်ပါတီကို စတင်တည်ထောင်စဉ်က ရည်မှန်းချမှတ်ထားခဲ့သော ပြည်သူဗဟိုပြုဝါဒတို့ အပြည့်အဝရုပ်လုံးပေါ်လာကာ တရုတ်နိုင်ငံကို အခြားသောနိုင်ငံများကပင် အားကျ၍အသိအမှတ်ပြု ဂုဏ်ပြုကြရသော အုပ်ချုပ်ရေးစနစ်ဖြစ်လာတော့သည်။
၁၉၇၈ ခုနှစ်မှစတင်ခဲ့သည့် တရုတ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် ငါးနှစ်စီမံကိန်းများ၏ လမ်းညွှန်ချက်များဖြင့် အောင်မြင်မှုရည်မှန်းချက်များကို နှစ်စဉ်ပြည့်မီခဲ့ကြသည်။ ၂၀၂၀ ခုနှစ်တွင် ပြည့်မီခဲ့သော တရုတ်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်းရဲမွဲတေမှုပပျောက်ခြင်းသည် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာဆင်းရဲမွဲတေမှုပပျောက်ရေး ရည်မှန်းချက်အတွက်ပင် ထိရောက်အကျိုးရှိစေခဲ့သည်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင်လည်း တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်မီးရထားလမ်းကွန်ယက်သည် ကမ္ဘာ့အကြီးဆုံးကွန်ယက်ဖြစ်ပြီး မြန်နှုန်းမြင့်မီးရထားလမ်းအရှည် ကီလိုမီတာ ၅၀,၀၀၀ ကျော်ရှည်လျားကာ တရုတ်၏ မြို့ကြီးနှင့် မြို့လတ်၊ မြို့ငယ်များအားလုံးကို ချိတ်ဆက်ထားနိုင်ပြီဖြစ်သည်။ ဤကိန်းဂဏန်းသည် BRI စီမံကိန်းများအောက်ရှိ နိုင်ငံဖြတ်ကျော်မီးရထားလမ်းများ မပါဝင်သေးပေ။ ထို့ပြင် တရုတ်နိုင်ငံ၏ GDP သည် ယခု ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယွမ် ၆၉.၅၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၂၈ ထရီလီယံခန့်) သို့ ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းဗျူရို (NBS) က ထုတ်ပြန်ထားသည်။
■ ကွန်မြူနစ်ပါတီ၏အောင်မြင်မှုသည် အနောက်ကမ္ဘာအတွက် အိပ်မက်ဆိုး
ဤမျှအထိ တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုစွမ်းရည်ပြည့်ဝမှု၊ ဒီမိုကရေစီဖော်ဆောင်ကာ ပြည်သူဗဟိုပြုဝါဒ အမှန်တကယ်အသက်ဝင် အောင်မြင်နေခြင်းသည် အမေရိကန်ဦးဆောင်သည့် အနောက်ကမ္ဘာ၏ ဒီမိုကရက်အမည်ခံနိုင်ငံရေးသမားများအတွက် အကြီးအကျယ်ခြိမ်းခြောက်မှု ဖြစ်လာသည်။
ဇူလိုင်လ (၄) ရက်နေ့သည် အမေရိကန်ပြည်ထောင်စုလွတ်လပ်ခြင်းနှင့် နိုင်ငံတည်ထောင်ခြင်း အထိမ်းအမှတ် နေ့ရက်ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျရောက်သော အမေရိကန်နိုင်ငံတည်ထောင်ခြင်း နှစ် ၂၅၀ အတွက် ဒေါ်နယ်ထရမ့်က အကြိုမိန့်ခွန်းပြောကြားရာတွင် အမေရိကန်နိုင်ငံ၏မျိုးချစ်စိတ်နှင့် နိုင်ငံဂုဏ်ဆောင်စကားများကို ပြောကြားရမည့်အစား ၎င်း၏မိန့်ခွန်းသည် ကွန်မြူနစ်ဝါဒကို မနာလိုခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ထင်ဟပ်နေခဲ့သည်။
“ကွန်မြူနစ်ဝါဒသည် အမေရိကန်လွတ်လပ်ရေးအတွက် သေလောက်သည့်ခြိမ်းခြောက်မှု”အဖြစ် ပုံဖော်ပြောကြားသွားခဲ့ပြီး “ကွန်မြူနစ်ဝါဒသည် အမေရိကန်အတွက် အကြီးမားဆုံးသောခြိမ်းခြောက်မှုအဖြစ် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှု၊ ၉/၁၁ တိုက်ခိုက်မှုများ”ဖြင့်ပါ ရှုတ်ထွေးစွာပြောကြားသွားခဲ့သည်။ ပထမကမ္ဘာစစ်သည် ကိုလိုနီစနစ်ဆိုး၏အမွေဖြစ်ကာ ဒုတိယကမ္ဘာစစ်သည် ဖက်စစ်ဝါဒနှင့် စစ်ဝါဒတို့ကိုတိုက်ခိုက်ခဲ့ရခြင်းဖြစ်ပြီး ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရခြင်းသည် ဖက်ဆစ်ဂျပန် စစ်ဝါဒီများကကျူးလွန်ခြင်း ဖြစ်သော်လည်း ဒေါ်နယ်ထရမ့်သည် သမိုင်းများကိုမျက်ကွယ်ပြုကာ ကွန်မြူနစ်ဝါဒက ကျူးလွန်ခဲ့သယောင် ရောချကာ ရှုတ်ထွေးစွာပြောသွားခဲ့သည်။ အပြစ်ဖို့ချင်စိတ်သပ်သပ်ဖြင့်သာ ပြောသွားခဲ့သော မိန့်ခွန်းဖြစ်သည်။ ထို့အပြင် “ကွန်မြူနစ်ဝါဒသည် ကမ္ဘာပေါ်တွင်ရှိသမျှသော လွတ်လပ်သောလူသားတိုင်းအတွက် ရန်သူဖြစ်ကြောင်း၊ အမေရိကန် အခြေခံဥပဒေ၏ရန်သူ၊ ၁၇၇၆ ခုနှစ် ဇူလိုင် ၄ ရက် ၏ရန်သူ” ဟူ၍ပင် သွေးရူးသွေးတန်း စွပ်စွဲချက်များစွာဖြင့် အဓိပ္ပါယ်မဲ့စွာ မိန့်ခွန်းထဲ ပြောသွားခဲ့သည်။ ၎င်း၏မိန့်ခွန်းသည် “အမေရိကန်မြေပေါ်တွင် မည်သည့်အခါမျှ ကွန်မြူနစ်ဝါဒ မအောင်မြင်စေရ” ဟူ၍ပင် ကလေးဆန်ဆန်ကြွေးကြော်သွားခဲ့သေးသည်။
တကယ်တော့ အမေရိကန်အနေဖြင့် ကွန်မြူနစ်ဝါဒကို ကြောက်ရွံ့နေခြင်းထက် ကွန်မြူနစ်အုပ်ချုပ်သောတိုင်းပြည်၏ အရည်အသွေးပြည့်ဝ၍ တည်ငြိမ်သော အုပ်ချုပ်မှုစနစ်၊ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်ကို သွေးပျက်နေခြင်း၊ ကြောက်ရွံ့နေခြင်းသာဖြစ်သည်။ ဝါဒရေးရာတိုက်ပွဲမဟုတ်ပေ။ အုပ်ချုပ်မှုအရည်အသွေး ကျဆုံးခြင်းဖြစ်သည်။ အမေရိကန်၏ အုပ်ချုပ်မှုနှင့် ဒီမိုကရေစီအရည်အသွေး ညံ့ဖျင်းကျဆင်းလာခြင်းကို ကာကွယ်ရန် တစ်ဖက်ကို အပြစ်ဖို့နေခြင်းသာဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူဗဟိုပြုသည့်ဝါဒသည် ဆိုရှယ်လစ်ဒီမိုကရေစီဖြစ်ကာ လူ့အခွင့်အရေးကို အပြည့်အဝ အာမခံထားခြင်းလည်းဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ အလှပြရန် တန်ဆာဆင်ထားသော ပစ္စည်းတစ်ခုမဟုတ်ဘဲ ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးရမည့် ကိရိယာတစ်ခုဖြစ်ရမည်။ မည်သည့်နိုင်ငံ၏ ဒီမိုကရေစီတိုင်းသည်လည်း ပြီးပြည့်စုံမှုမရှိသေးဘဲ ပို၍ကောင်းအောင် ကြိုးစားဖော်ဆောင်နေကြခြင်းသာ ဖြစ်သည်။ အခြားသောတိုင်းပြည်၏ ဒီမိုကရေစီကို အာဏာရှင်စနစ်ဟု သမုတ်ခြင်း၊ ဘုရားမရှိသောဘာသာမဲ့လူတန်းစားများအဖြစ် ကဲ့ရဲ့ခြင်းသည်လည်း ဒီမိုကရေစီမဟုတ်သကဲ့သို့ ယင်းအပြုအမူများသည် ဒီမိုကရေစီတန်ဖိုးများနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသော ဗိုလ်ကျစိုးမိုးရေးဝါဒသာဖြစ်သည်။
viber_image_2026-07-30_12-00-32-176.jpg