Eleven Media Group

■ ထိုင်း အထူးစုံစမ်းရေးအဖွဲ့ (DSI) က BGF ရဲ့ ဗိုလ်မုတ်သုန်ကို ဖမ်းဝရမ်းထုတ်လိုက်တာ အငြင်းပွားဖွယ်ရာ Double Standard ဖြစ်နေသလား …

Written by Kyaw Zaw Linn

ကရင်ပြည်နယ်ရှိ BGF တပ်ဖွဲ့တစ်ခုဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်ကို လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည်ဟုဆိုကာ ထိုင်းနိုင်ငံရာဇဝတ်တရားရုံးက ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ၏ လျှောက်ထားချက်အရ ထိုင်းရာဇဝတ် တရားရုံးက ဝရမ်းအမှတ် 4257/2569 ဖြင့် စောမုတ်သုန်၏ ဖမ်းဝရမ်းကို အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်အရ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်သည် လူကုန်ကူးမှုကျူးလွန်ခြင်း၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံတကာမှ ကျားဖြန့်အလုပ်သမားများ တရားမဝင် ခေါ်ဆောင်လာခြင်း၊ စေခိုင်းခြင်းနှင့် ရာဇဝတ်မှုကျူးလွန်သူများ ပုန်းခိုရန် နေရာထိုင်ခင်း စီစဉ်ပေးခြင်း စသည့် ပြစ်မှုများကြောင့်ဟုဆိုကာ စောမုတ်သုန်ကို ဝရမ်းထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စောမုတ်သုန်သည် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် နှိမ်နင်းရေးဥပဒေ B.E. 2551၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများ ကာကွယ်တားဆီးရေးဥပဒေ B.E. 2556 တို့အပြင် ရာဇဝတ်ကျင့်ထုံးဥပဒေများအရ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိထားသူဖြစ်သည်ဟု တရားရုံး ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ထိုဖြစ်စဉ်များတွင် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား၊ ယူအေအီးနိုင်ငံ ဒူဘိုင်း၊ ထိုင်းနိုင်ငံရှိ စမုတ်ပရာကန်၊ ဘန်ကောက်၊ တာ့ခ်ခရိုင်တို့အပြင် မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့မှ ဖြစ်စဉ်အများအပြား ပါဝင်ပတ်သက်နေကြောင်း DSI ၏ မှတ်တမ်းများတွင် ရေးသားထားသည်။

အသက် ၄၀ အရွယ်ရှိ စောမုတ်သုန်အား ဖမ်းဆီးရမိပါက DSI သို့ လွှဲပြောင်းရန် ဖော်ပြထားပြီး ဖမ်းဝရမ်းသည် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၆ ရက်မှ ၂၀၄၁ ခုနှစ် အထိ ၁၅ နှစ်တိုင် သက်တမ်းရှိမည်ဖြစ်သည်ဟု သိရသည်။

ရှမ်းမြောက်မှ အစပြုခဲ့သည့် ကျားဖျန့်ပြဿနာမှာ ကရင်ပြည်နယ် မြဝတီမြို့အထိပါ ကူးစက်လာခဲ့ပြီးနောက် မြန်မာအစိုးရကလည်း ကျားဖျန့်တိုက်ဖျက်ရေးလုပ်ငန်းများကို ဖိဖိစီးစီး လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလပိုင်းမှစတင်ကာ မြဝတီမြို့ရှိ KK Park ကို မြန်မာတပ်မတော်က ဝင်ရောက်စီးနင်းပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ကျားဖျန့်ရုံများကို ဖြိုခွဲဖျက်စီးပြီးနောက်တွင် မြဝတီမြို့ဒေါနတောင်ခြေအရှေ့ခြမ်းရှိ BGF ခေါင်းဆောင်တစ်ဦးဖြစ်သည့် စောတင်ဝင်း ထိန်းချုပ်နယ်မြေ သစ်ကတေ့စံပြကျေးရွာသို့ ပြောင်းရွှေ့လိုက်သည်ဟု ဒေသခံအချို့က ပြောကြားသည်။

မြန်မာ့တပ်မတော်က မြဝတီမြို့ပြင်ရှိ BGF ပိုင် ကာစီနိုလောင်းကစားရုံများ၊ ကျားဖျန့်နေရာများကို ဖြိုခွဲအပြီးတွင် မြဝတီမြို့ပေါ်၌ စည်ကားခြင်းမရှိတော့ဘဲ အဆိုပါ သစ်ကတေ့ ကျေးရွာဘက်အခြမ်းတွင် စည်ကားနေသည်ဟု သိရသည်။

“ အရင်ကတော့ မြဝတီမြို့ပြင်ဘက်နားက UK ၊ ၉၆၉၊ ၉၉၉ အစရှိတဲ့နေရာတွေမှာက လူတွေတော်တော်စည်တယ်။ ဘယ်လောက်အထိ စည်သလဲဆိုရင် ကားလမ်းကူးဖို့တောင် တော်တော်စောင့်ပြီးမှ ကူးလို့ရတယ်။ အခုကတော့ ဘာမှကို မရှိတော့ဘူး။ ဂိမ်းရုံလောက်ပဲ ရှိတော့တယ်။ အရင်တုန်းကတော့ ကျားဖျန့် တွေရော ကာစီနိုတွေရောရှိတော့ ဆိုင်ကယ် သုံးဘီးဆွဲတဲ့သူတောင် တစ်ရက်ကို တစ်သိန်းကျော်ကျော် ရတယ်။ အစားအစာလိုက်ပို့တဲ့ သူတွေလည်း အလုပ်ဖြစ်တယ်။ အခုကတော့ ဘာမှကို မရှိတော့ဘူး။ ကြားတာကတော့ နေရာပြောင်းသွားတယ်ကြားတယ်။ သစ်ကတေ့ဘက်ကိုလို့ပြောတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်တွင် နိုင်ငံတကာမှ ကျားဖျန့်နှိမ်နင်းရေးဖိအားများ ရှိလာချိန်တွင် ကရင်နယ်ခြားစောင့်တပ်- BGF ကို ဇန်နဝါရီ ၁ ရက်မှစတင်ကာ ကရင်အမျိုးသားတပ်မတော် -KNA အဖြစ် ရပ်တည်တော့မည်ဖြစ်ကြောင်း KNA ၏ ပြောခွင့်ရသူ နိုင်မောင်ဇော်က သတင်းမီဒီယာအချို့တွင် ဖြေကြားထားသည်။

KNA အဖြစ် အမည်ပြောင်းလဲလိုက်သည့် BGF အဖွဲ့များမှာ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် အဖွဲ့များဖြစ်ပြီး အချို့သော နယ်ခြားစောင့်တပ်များမှာမူ ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း သိရသည်။

BGF တဖြစ်လဲ KNA အဖွဲ့ကို အဓိကချုပ်ကိုင်ထားသည့် စောချစ်သူမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၊ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများ အစရှိသည်တို့ကြောင့် ၂၀၂၅ ခုနှစ် မေလပိုင်းတွင် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

အလားတူ ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် DKBA အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်လေးဦးဖြစ်သည့် စောစတီးလ်၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှတို့ကိုလည်း ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

ကရင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ တည်ရှိနေပြီး အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ BGF နှင့် KNLA (PC) တို့ဖြစ်သည်။

လတ်တလောတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့က ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့် လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်ပိုင်းများမှာ KNA တဖြစ်လဲ BGF ခေါင်းဆောင်ပိုင်းများနှင့် DKBA အဖွဲ့များမှ ခေါင်းဆောင်များဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်ကလည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ ထိန်းချုပ် နယ်မြေအတွင်း ငွေလိမ်စင်တာအများအပြား လည်ပတ်ခွင့်ပြုထားခြင်းကြောင့် DKBA ခေါင်းဆောင်များကို ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

DKBA က ငွေလိမ်စင်တာများကို အကာအကွယ်ပေးပြီး ရာဇဝတ်ဂိုဏ်းများကို လည်ပတ်စေကြောင်း၊ ထို့ပြင် တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ငွေလိမ်စင်တာများတွင် လူကုန်ကူးခံရသူများအပေါ် အကြမ်းဖက်ရာတွင် ပါဝင်ပတ်သက်နေကြောင်း EU ၏ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

ထို့ကြောင့် ယခုဒဏ်ခတ်ပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းခံရသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားမည်ဖြစ်ကြောင်းနှင့် EU အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများနှင့် ကုမ္ပဏီများကို လည်း လက်တွဲလုပ်ကိုင်ခြင်းမှ တားမြစ်လိုက်ကြောင်း EU က ဆိုသည်။ ထို့ပြင် EU က ဒဏ်ခတ်ပိတ်ဆို့ လိုက်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသည် EU အဖွဲ့ဝင်နိုင်ငံများသို့ ဝင်ရောက်ခွင့် ရမည်မဟုတ်ပေ။

EU ၏ ထုတ်ပြန်ချက်အရ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အပြင် Prince Holding Group နှင့် ဥက္ကဋ္ဌ ချန်ကျီ၊ Jin Bei Group နှင့် ဥက္ကဋ္ဌ Zhu Zhongbiao တို့ကိုလည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။

ကရင်ပြည်နယ်တွင် ကျားဖျန့်နေရာများဟု နာမည်ကြီးနေသည့် နေရာများဖြစ်သည့် KK Park၊ သစ်ကတေ့၊ ကျောက်ခတ်၊ ရွှေက္ကိုလ် အစရှိသည့် နေရာများဖြစ်သည်။

အဆိုပါ နေရာများအနက် KK Park၊ ကျောက်ခတ်၊ ရွှေက္ကိုလ် အစရှိသည့်ဒေသများကို မြန်မာတပ်မတော်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖျန့်အဆောက်အအုံများကို ဖြိုချဖျက်စီးခြင်း၊ ကျားဖျန့်လုပ်ငန်းများကို လုပ်ကိုင်နေသည့် အလုပ်သမားများကို ဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသည့် ပြည်ပနိုင်ငံသားများကို မိခင်နိုင်ငံများသို့ လွှဲပြောင်းခြင်းများကို ဆောင်ရွက်ခဲ့သည်။

မြန်မာအစိုးရဘက်က နောက်ဆုံးဝင်ရောက်ဖမ်းဆီးခဲ့သည့်နေရာမှာ မြဝတီမြို့ ကျောက်ခတ်ဒေသရှိ ကျားဖျန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာဖြစ်သည်။ ယင်းနေရာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခဲ့သူများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အခကြေးငွေယူ၍ မြန်မာ-ထိုင်းနယ်စပ်သို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများသည် ကျောက်ခတ်ဒေသအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား အခကြေးငွေရယူ၍ အကာအကွယ်ပေးထားသည့် KNLA နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အွန်လိုင်းလိမ်လည်လောင်းကစား မှုများ လုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၆၂၀ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၃ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၁၁ ဦး စုစုပေါင်း ၇၇၇ ဦးတို့အား အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် star link ဗန်း ၁ ခု၊ ကွန်ပျူတာမျိုးစုံ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၂၁၀ ဦးခန့်အား ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ နေရပ်ပြန်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အခကြေးငွေများ ရယူကာ မော်တော်ယာဉ်များဖြင့် တင်ဆောင်ပြီး ကျောက်ခတ် - ဝေါလေ လမ်းကြောင်းအတိုင်း ဝေါလေ၏အနောက် တောင်ဘက် မီတာ ၂၆၀၀ ခန့်အကွာ မြန်မာ - ထိုင်း နယ်စပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် မြန်မာ - ထိုင်းနယ် စပ်အားဖြတ်သန်း၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ ရွှေက္ကိုလ်ကျေးရွာရှိ ကျားဖျန့်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် အဆောက်အအုံ ၇၇ လုံးအား မြန်မာအစိုးရဘက်က ဖြိုချဖျက်စီးခဲ့ပြီး KK Park အတွင်း တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံ ၆၃၄ လုံးအား ဖျက်စီးခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး တရားမဝင် အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းလုပ်ကိုင်ခဲ့သော နိုင်ငံခြားသားများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှစတင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးထိန်းသိမ်း/ လွှဲပြောင်းခဲ့ မှုများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ မေ ၂၆ ရက်အထိ တရားမဝင်နိုင်ငံခြားသား ၁၄၆၈၅ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၁၃၅၂၁ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့သဖြင့် လွှဲပြောင်းရန် ၁၁၆၄ ဦးကျန်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

KK Park စီမံကိန်းမှာ KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်မှုရှိသည့်နေရာတစ်ခုဖြစ်ပြီး ယင်းနေရာ တွင်ရှိနေသည့် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားလုပ်ငန်းများကို အခကြေးငွေရယူကာ ကြေးစားကာကွယ်မှုများ လုပ်ဆောင်နေသည်ဟု ယခင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“KK Park စီမံကိန်းဆိုတာ KNU က ခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားစွာ တွေ့ရပါတယ်။ ငွေကြေးရယူလိုမှုတစ်ခုနဲ့ နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့စွာ အလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မနေ့က သတင်းမှာလည်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေနေရာနဲ့ ပတ်သက်ပြီး ခွင့်ပြုထားတာတို့၊ လုပ်ဆောင်ထားတာတို့ တရားဝင်တစ်ခုမှမရှိကြောင်း တွေ့ရပါတယ်။ နောက်ပြီးတော့ အဲဒီမြေပေါ်မှာ လုပ်ဆောင်နေတဲ့ လောင်းကစားတွေကိုလည်း အခကြေးငွေယူပြီး ကြေးစား ကာကွယ်မှုများ လုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းက ရရှိတဲ့ငွေကြေးတွေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲ့ဒီမှာတော့ ငြိမ်းချမ်းရေးကြိုးပမ်းမှု အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ KNU ယခင်ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့က ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီနောက်ပိုင်းတွင် KNU များ ဝင်ရောက်သိမ်းပိုက်ပြီး နယ်ခံတွေကို နှင်ထုတ်ပြီး KNU၊ PDF အဖွဲ့တွေနဲ့ သူတို့အဖွဲ့ အထောက်အကူပြုအဖွဲ့တွေပဲ နေနေတာဖြစ်ပါတယ်။ KK Park စီမံကိန်းကို လုပ်ဆောင်ဖို့အတွက် KNU ရဲ့ Mulaei Ahlin Company Limited (မုလအိအလင်း ကုမ္ပဏီ) နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတစ်ခုတို့ ကနဦးလုပ်ကွက်အတွက် လုပ်ငန်းမြေငှားရမ်းခ သဘောတူညီမှုကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ သဘောတူစာချုပ်ရဲ့ မြေငှားပေးသူ အသိသက်သေများမှာ မုလအိအလင်းဘက်မှ လက်ရှိ KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက KNU ဘဏ္ဍာရေးကော်မတီဗဟိုအနေနဲ့ လက်မှတ်ရေးထိုးထားပြီး ယခင် KNU ကာကွယ်ရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး စောရော်ဂျာခင်ကလည်း KNU ဘဏ္ဍာရေးကော်မတီဗဟိုအနေနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု ပြောကြားသည်။

လတ်တလောတွင် အိမ်နီးချင်းထိုင်းနိုင်ငံက ဖမ်းဝရမ်းထုတ်ပြန်ထားသည်မှာ ကရင်ပြည်နယ်ရှိ BGF တပ်ဖွဲ့ တစ်ခုဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်ကိုသာ ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ကရင်နယ်ခြားစောင့်တပ် (BGF) ၏ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ရန် ပြင်ဆင်နေကြောင်း ထိုင်းအထူးစုံစမ်း စစ်ဆေးရေးဌာန( DSI) က ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် ဖမ်းဝရမ်းထုတ်ခံရသူမှာ စောမုတ်သုန် တစ်ဦးသာဖြစ်နေ သည်ကို တွေ့ရသည်။

“ ပထမအချက်က ဒီထိုင်းက ဗိုလ်မုတ်သုံကို ဖမ်းဝရမ်းထုတ်ရခြင်းအကြောင်းရင်းပေါ့။ အကြောင်းရင်း ကျွန်တော် သိသလောက် စုံစမ်းကြည့်လိုက်တဲ့အခါကျတော့ ဗိုလ်မုတ်သုံက ပွင်းပွင်းလင်းလင်းပြောရရင် ပြီးခဲ့တဲ့ ကာလတစ်လျှောက် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က ကျားဖြန့်စခန်းတွေမှာ ကျားဖြန့်က ထွက်ပြေးတဲ့ ခေါင်းဆောင်အပိုင်းတွေရှိတယ်။ ကျားဖြန့်ရာဇဝတ်မှုကျူးလွန်ထားတဲ့ အကြီးပိုင်းအချို့ပေါ့။ အဲဒီအကြီးပိုင်းအချို့က ဗိုလ်တင်ဝင်းရှိတဲ့နယ်မြေကို သွားပြီးခိုလှုံနေတဲ့သူတွေရှိတယ်။ ဘုရားသုံးဆူဘက် ဗိုလ်အေဝမ်းဘက်ကို သွားခိုလှုံတဲ့သူတွေရှိတယ်။ အဲလိုပဲ ကျွန်တော်တို့အားလုံးက ဗိုလ်တင်ဝင်းနဲ့ ဗိုလ်အေဝမ်းဘက် ခိုလှုံတယ်လို့ ယူဆပေမယ့် ထပ်ပြီးထူးခြားတာက ဗိုလ်မုတ်သုံရဲ့ နယ်မြေအချို့မှာ သွားခိုလှုံတာတွေလည်း ရှိတယ်လို့ ကျွန်တော်တို့ ကြားရတယ်။ ဗိုလ်မုတ်သုံက အဲဒါကို လူမသိ သူမသိ လက်ခံပေးထားတာတွေ ရှိတယ်လို့ ကြားတယ်။ အဲဒါကို ထိုင်းအစိုးရရဲ့ ထိုင်းတပ်ဖွဲ့နဲ့ ဒီအမေရိကန် FBI တို့က အဲဒီသတင်းကို ရသွားပုံရတယ်။ အဲဒါကြောင့်မိုလို့ ဗိုလ်မုတ်သုံဆီကနေ သံတမန်နည်းလမ်းအရ နောက်ကွယ်ကနေ ကြိတ်ပြီး လှမ်းတောင်းပုံရတယ်။ တောင်းတာကို မပေးတဲ့အတွက် မထူးတော့ဘူးဆိုပြီး ဗိုလ်မုတ်သုံကို ဖမ်းဝရမ်း ထုတ်တာဆိုတဲ့ သဘောမျိုးတွေ့ရတယ်” ဟု NP News မှ ကိုကျော်မျိုးမင်းက ပြောကြားသည်။

ကရင်ပြည်နယ်တွင် ကျားဖျန့်လုပ်ငန်း လုပ်ကိုင်သူများကို လက်ခံထားသူအချို့လည်းရှိနေပြီး ၎င်းတို့မှာ ဖမ်းဝရမ်းထုတ်ခံရသည့် စာရင်းတွင် မပါဝင်ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ကိုကျော်မျိုးမင်းက ပြောကြားသည်။

“ဗိုလ်မုတ်သုံက BGF ကလားလို့ ပြောရင်လည်း BGF က အငြိမ်းစားယူထားသလိုလို တကယ်ပဲ လုပ်နေသေးသလိုလို ဘာလိုလိုနဲ့ သူရဲ့တပ်ဖွဲ့ကလည်း ရှိနေသေးတယ်။ သူကတော့ ဟိုလိုလို ဒီလိုလိုဖြစ် နေတယ်။ ဖြစ်နေတော့ ဟိုလိုလို ဒီလိုလိုနဲ့ သူလက်ခံထားမိတဲ့ဟာတွေလည်းရှိနေတယ်။ ကျားဖြန့်ထွက်ပြေး တိမ်းရှောင်တွေကို လက်ခံထားမိတာတွေလည်း ရှိနေတယ်လို့ ကြားတယ်ပေါ့နော်။ သူ့ကို ထိုင်းက ဒီလိုထုတ်တာက အကြမ်းဖက်ပုန်ကန်မှုဖြစ်နေသလားလို့၊ ဘာလို့ထောက်ပြလဲဆိုတော့ သူကိုထုတ်တာဆိုရင် သူ့မှာ ကျားဖြန့်တွေကို လက်ခံထားမိလို့ ထုတ်တာဆိုရင် ကျားဖြန့်တွေကို လက်ခံထားတဲ့ ဗိုလ်ချစ်သူရှိတယ်။ ဗိုလ်တင်ဝင်းရှိတယ်။ ဗိုလ်အေဝမ်းရှိတယ်။ DKBA က စိုင်းကျော်လှတို့ အုပ်စုတွေရှိတယ်။ DKBA က တချို့အလွှာတွေရှိတယ်။ နောက် PDF၊ KNU၊ KNLA ထဲက တချို့သော အဖွဲ့ဝင်တွေရှိတယ်။ အဲဒီလူတွေက လည်း ဒီကျားဖြန့်ထွက်ပြေးတိမ်းရှောင်အကြီးပိုင်းအလွှာတွေကို သူတို့လက်ခံထားတာရှိတယ်။ သူတို့ကိုကျတော့ မထုတ်ပဲနဲ့ အစိုးရနဲ့ အဆင်ပြေနေပြီး ငြိမ်းချမ်းရေးဘက်ကို ရပ်တည်နေတဲ့ ဗိုလ်မုတ်သုံတို့ကို ရွေးထုတ်တယ်ဆိုတာက အပြစ်ရှိတာချင်းတူရင်တောင် ငါတို့နဲ့အဆင်ပြေနေတဲ့သူကိုတော့ ငါတို့က ကာကွယ်ပေးထားမယ်။ ငါတို့နဲ့ မပြေဘူး။ မြန်မာအစိုးရနဲ့ ပြေနေတဲ့သူတွေကိုတော့ ငါတို့က ထုတ်မယ်ကွာဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါကတော့ ပုံစံတော့ မကျဘူးပေါ့နော်” ဟု ကိုကျော်မျိုးမင်းက ပြောကြားသည်။

ထို့ပြင် ကျားဖျန့်လုပ်ငန်းကို တရုတ်နိုင်ငံသားအချို့က လုပ်ကိုင်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်တွင် ကျားဖျန့်လုပ်ငန်းများ အခြေတည်လာရခြင်းမှာ အိမ်နီးချင်းထိုင်းနိုင်ငံဘက်မှ အထောက်အပံ့များကြောင့်လည်းဖြစ်နေသည်ဟု ကိုကျော်မျိုးမင်းက ပြောကြားသည်။

“ နောက်တစ်ခုက ထိုင်းအနေနဲ့က မြန်မာဘက်က လက်နက်ကိုင်ခေါင်းဆောင်တွေကို ထုတ်တာကို ကောင်းခြင်းဆိုးခြင်းဆိုတာထက် ထိုင်းဟာ ကျားဖျန့်ဆိုတဲ့ ခေါင်းစဉ်နဲ့ပတ်သက်ရင် မြန်မာဘက်ကို လွှဲချနေတဲ့ ပုံစံမျိုးသွားတွေ့ရတယ်။ ဥပမာ -ကျားဖျန့်ဖြစ်တည်လာတဲ့ ပုံစံကိစ္စကို ကျားဖျန့်လုပ်ငန်းစဉ်ပုံစံတစ်ခုလုံး နားလည်မှရမယ်။ ကျားဖျန့်လုပ်ငန်းစဉ်သည် နည်းပညာတစ်ခုလို့ပြောရင် အဲဒီနည်းပညာကို နားလည်တတ်ကျွမ်းတဲ့ ပထမဆုံးသော အလွှာလူတန်းစားက တရုတ်တွေဖြစ်တယ်။ အဲတော့ တရုတ်တွေက ဒီကျားဖျန့် လုပ်ငန်းစဉ်ကို ကျွမ်းကျင်ကြတယ်။ နားလည်ကြတယ်။ ရှင်းရှင်းပြောရင် အကျင့်ပျက်ခြစား တရုတ်တွေက ဒါမျိုးတွေ လုပ်တတ်ကြတယ်။ တရုတ်တွေက လုပ်တတ်တာဖြစ်တဲ့အတွက် တရုတ်တွေကို ရေသောက်မြစ်လို့ သတ်မှတ်လိုက်မယ်ဆိုရင် အဲရေသောက်မြစ်ကို သယ်လာပြီးတော့ မြန်မာပြည်က ထိုင်း-မြန်မာနယ်စပ် ပဋိပက္ခနယ်မြေနဲ့ တရုတ်-မြန်မာနယ်စပ် ပဋိပက္ခနယ်မြေတွေမှာ ဒီကောင်တွေက လာပြီးတော့ အစိုးရအုပ်ချုပ်မှုယန္တရားနဲ့ ကင်းကွာနေတဲ့ အာဏာစက် မသက်ရောက်နိုင်တဲ့ ဒေသတွေမှာ ကျားဖျန့် တရုတ်တွေက ဝင်လာပြီး အဲဒီမှာ အခြေစိုက်ကြတယ်။ စိုက်ကြတဲ့အခါမှာ တရုတ်တွေဘက်က ခနထားလိုက်တော့။ ထိုင်းနဲ့ နယ်စပ်မှာ လာလုပ်တဲ့အခါမှာ ဒီကျားဖျန့်လုပ်တဲ့ အဆောက်အဦးတွေဆောက်တဲ့ ဘိလပ်မြေ၊ အုတ်၊ သဲ၊ သံ၊ သွပ် အစရှိတဲ့ ပစ္စည်းတွေ ဘယ်ကတင်သွင်းလာလဲဆိုတော့ ထိုင်းကနေ တင်သွင်းလာတာ။ တင်သွင်းပြီးတော့ ဆောက်နေတယ်။ အင်တာနက်ကလည်း ထိုင်းဘက်ကနေ သယ်လာပြီးတော့ သုံးနေတယ်။ နောက်တစ်ခါ လောင်စာဆီ၊ ရေ၊ မီး အကုန်လုံးကို ထိုင်းဘက်နေပဲ အစားအသောက်ကအစ တင်သွင်းတယ်။ အဲတော့ ထိုင်းမှာရော တာဝန်မရှိဘူးလား။ အဲတော့ ဒီကျားဖျန့်ပြဿနာနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံကိုပဲ လက်ညှိုးထိုးလို့မရဘူး။ မြန်မာနိုင်ငံ လက်နက်ကိုင်ပဋိပက္ခနယ်မြေက လက်နက်ကိုင်ထားတဲ့ အုပ်စုတွေကို လက်ညှိုးထိုးရုံးနဲ့ မရဘူး။ ထိုင်းမှာရော တာဝန်မရှိဘူးလား။ ထိုင်းကရော ဘာဖြစ်လို့ သူတို့အရေးယူရမယ့်သူတွေကို ဖော်ထုတ်အရေးမယူလဲ။ ကျားဖျန့်နဲ့ပတ်သက်ရင် ကျွန်တော်လေ့လာထားမိသလောက် ထိုင်းအစိုးရအဖွဲ့မှာ ဆရာကြီးအဆင့်တွေ၊ ဝန်ကြီးအကြီးပိုင်းတွေတောင် ပါတယ်။ တပ်မတော် အကြီးအကဲတွေ၊ ရဲအကြီးအကဲတွေ၊ ဝန်ကြီး အဆင့်တွေတောင် ပါဝင်ပတ်သက်မှုတွေ၊ ကျားဖျန့်ရဲ့ ငွေကြေး သူတို့ဆီကို စီးဆင်းမှုတွေ ပါဝင်ပတ်သက်တယ်လို့ကြားတယ်။ ဒါပေမယ့် အဲလိုဖြစ်နေတာကို ထိုင်းက သူတို့ ဘက်မှာကျတော့ ဖုံးဖိထားပြီးတော့ တစ်ချိန်လုံး သူတို့က မြန်မာကိုပဲ လက်ညှိုးပြီးတော့ မြန်မာအစိုးရနဲ့ အဆင်ပြေနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုကျတော့ လက်ညှိုးထိုးပြီးတော့ မြန်မာအစိုးရနဲ့ အဆင်မပြေတဲ့ KNU အုပ်စုတွေကျတော့ လက်ညှိုးမထိုးဘူးဆိုတာက အကာအကွယ်ပေးထားပြီး ဆေးတောင်ကုခွင့်ပေးထားတာတို့၊ နေထိုင်ခွင့်ပေးတာတို့၊ နိုင်ငံသားပေးနေတာတို့ဆိုတာကျတော့ ထိုင်းအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် မရိုးသားဘူးဆိုတာကို သွားတွေ့ရတယ်။ အဲဒီလိုတော့ ကျွန်တော်တို့က မြင်တယ်” ဟု ကိုကျော်မျိုးမင်းက ပြောကြားသည်။

ထို့ပြင် “နယ်စပ်တွေမှာ ကုန်သွယ်ရေးတွေက အစက ပြန်စရမှာဖြစ်တဲ့အတွက် ထိုင်းက ထိခိုက်မှာ ဖြစ်တဲ့အတွက် ထိုင်းက သူ့စိုးရိမ်ချက်တွေကြောင့် သူက အသည်းအသန်မြန်မာကို ကြိုးစားတာ။ အဲလိုဆို မြန်မာဘက်က ထိထိရောက်ရောက်တောင်းဆိုဖို့ကိစ္စတွေ လိုအပ်လာပြီ။ ဥပမာ- ငါတို့ဘက်က ကျားဖျန့်ကိစ္စနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေအကြောင်းပြောရင် မင်းတို့ဘက်ကလည်း ကျားဖျန့်ကို Supply Chain လုပ်နေတာတွေကို အကုန်လုံးဖြတ်တောက်ရမယ်။ ပြီးရင် ကျားဖျန့်တဲ့ပတ်သက်တဲ့ နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေ မင်းတို့ဘက်ကို လာရောက်နေထိုင်တဲ့အခါကျရင် မင်းတို့ ဖမ်းပေးရမယ်။ နောက်တစ်ခုက မြန်မာအစိုးရကို ပုန်ကန်နေတဲ့ လက်နက်ကိုင်ထကြွနေတဲ့ သူပုန်ခေါင်းဆောင်တွေကို မင်းတို့နိုင်ငံသားပေးထားတာရှိတယ်။ ပြန်စစ်ဆေးပြီးတော့ မင်းတို့ဖြစ်နိုင်ရင် ရုတ်သိမ်းရမယ်။ ဒီကောင်တွေကို ဖမ်းနိုင်ရင် ဖမ်းပေးရမယ်။ နောက်တစ်ခုက ဒီမြန်မာအစိုးရကို တော်လှန်ပုန်ကန်နေတဲ့ NUG နဲ့ အဖွဲ့အပေါင်းတွေရဲ့ အကြီးပိုင်းအလွှာတွေကိုလည်း ပြန်ပြီးဖမ်းပေးရမယ်။ ဒါမျိုးတွေ မြန်မာအစိုးရက တောင်းဆိုပြီး အဲဒါမျိုးတွေ လုပ်ပေးရင် မင်းတို့လိုလားတဲ့ဟာတွေကို ငါတို့ ပေးမယ်ဆိုတာမျိုးတွေ ပြန်ညှိဖို့ တောင်းဆိုသင့်တယ်ပေါ့။ အဲတော့ ထိုင်းက မြန်မာသမ္မတ ခရီးစဉ်ကို ရှင်းရှင်းပြောရရင် ဆွေးနွေးစရာကိစ္စတစ်ခုဖြစ်အောင်လို့ ဗိုလ်မုတ်သုံတို့ကို ဆွဲထည့်တာလည်း issue ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့က မြင်နိုင်တယ်ပေါ့နော်”ဟု NP News မှ အယ်ဒီတာချုပ် ကိုကျော်မျိုးမင်းက ပြောကြားသည်။

ကရင်ပြည်နယ်တွင် ကျားဖျန့်လုပ်ငန်းများ၌ ပါဝင်ပတ်သက်သည့် အခြားသူများကို ဖမ်းဝရမ်းထုတ် ထားခြင်းမရှိသေးဘဲ ပထမဆုံးအနေဖြင့် ဗိုလ်မုတ်သုန်ကို ဖမ်းဝရမ်းထုတ်ခြင်းမှာ Double Standard ဖြစ်နေသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။ နယ်စပ်တွင် ကျားဖျန့်လုပ်ငန်းများ ရှင်သန်ကြီးထွား လာရခြင်းမှာ ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီ၊ အင်တာနက်၊ လျှပ်စစ်မီး အစရှိသည့် ထောက်ပံ့မှုများကြောင့်လည်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

“ ကျားဖျန့်၊ လူကုန်ကူးမှု၊ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် ကရင်ပြည်နယ်မှာ KNU/KNLA ၊BGF၊ DKBA၊ KNU/KNLA (PC) စတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်နေတယ်။ ဒါ့အပြင် အရင်က အစိုးရဘက်မှာလည်း လာဘ်ပေးလာဘ်ယူနဲ့ အကျင့်ပျက်တဲ့ အရာရှိအချို့ ပတ်သက်မှုတွေရှိခဲ့တယ်။ အဲ့ဒီတော့ ထိုင်းက ဗိုလ်မုတ်သုန် တစ်ယောက်တည်းကို ဒီလို ဝရမ်းထုတ်တယ်။ BGF တခုတည်းကို အာရုံစိုက်ခြင်းအားဖြင့်တော့ အဖြေရမှာ မဟုတ်ဘူး။ အရေးကြီးဆုံးအချက်က အခုကိစ္စက ထိုင်းအစိုးရက ဒီနယ်မြေမှာ ရာဇဝတ်မှုတွေ Crime မဖြစ်ဖို့ အဓိကပဲလား။ ဒါမှမဟုတ်ရင် မြန်မာအစိုးရကို ဖိအားပေးဖို့ပဲလား။ တခြားနိုင်ငံရေး ရည်ရွယ်ချက်ရှိရင်တော့ ဒါဟာအောင်မြင်မှာလည်း မဟုတ်ဘူး။ ထိုင်း DSI က ဗိုလ်မုတ်သုန် တစ်ယောက်တည်းကို ဖမ်းဝရမ်းထုတ်လိုက်တဲ့ ကိစ္စက အငြင်းပွားစရာဖြစ်ပြီး Double Standard လို့ ပြောစရာဖြစ်တယ်။ အရေးကြီးဆုံး အချက်က ဒီနယ်စပ်မှာ ရာဇဝတ်ဂိုဏ်းတွေရှိတယ်။ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ဖို့က အရေးကြီးတယ်။ နှစ်နိုင်ငံလုံးမှာ ဥပဒေအထက် ဘယ်သူမှ မရှိရဘူး”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group