Popular Myanmar

သီပေါတွင် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုကြောင့် စက်လှေသွားလာခွင့် ပိတ်ပင်၊ ရေဘေးကြိုတင်ပြင်ဆင်မှုများ စတင်

သီပေါ၊သြဂုတ်-၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် လတ်တလော မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုဋ္ဌဝတီမြစ်ရေ အဆမတန် မြင့်တက်လာလျက်ရှိရာ ပြည်သူများ၏ အသက်အန္တရာယ် လုံခြုံရေးအတွက် မြစ်အတွင်း စက်လှေများ ဖြတ်သန်းသွားလာမှုကို စတင်ပိတ်ပင်လိုက်ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှု အန္တရာယ်ကို သတိပြုနိုင်ရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မြစ်ရေအခြေအနေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်စစ်ဆေးလျက် ရှိသည်။

“ဒုဋ္ဌဝတီမြစ်ရေ အဆမတန် တက်လာတဲ့အတွက် စက်လှေသွားလာမှုကို အဓိက ပိတ်ထားရတာပါ။ ဒီနေ့ညနေပိုင်းမှာ မြစ်ရေ ထပ်မံမြင့်တက်လာပါက မြစ်ကမ်းဘေး အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရှိတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းနိုင်ဖို့ ရေဘေးစခန်းတွေနဲ့ အရေးပေါ်ကူညီရေးအဖွဲ့တွေကို အဆင်သင့် ပြင်ဆင်ထားပါတယ်” ဟုသီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံက ရေးသားထားသည်။

ထို့အပြင် လက်ရှိတွင် ရေဘေးကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ချက်ချင်းဆောင်ရွက်နိုင်ရန် အရေးပေါ် အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အခက်အခဲနှင့် အကူအညီ လိုအပ်ချက်များရှိပါက သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံထံ တို-က်ရို-က် ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်းလည်း ၄င်းက အသိပေး ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Popular Myanmar