
■ မန္တလေး မဟုတ်တော့တဲ့ မန္တလေး
မြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့တဲ့ မန္တလေးမြို့ကြီးဟာ အရှေ့တောင် ဘက်ကို ရွေ့လာနေတယ်။ အခုဆိုရင် မန္တလေးမြို့ကြီးဟာ အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်ကို ချဲ့ထွင်လာ သလို ရွေ့လာနေတယ်လို့တောင် ပြောလို့ရနေပါပြီ။
အရင်က ၈၄လမ်း မန္တလေးစျေးချို နာရီစင်အနီး၊ ၇၈လမ်း ဘူတာကြီးတစ်ဝိုက်၊ တရုတ်တန်းလို့ခေါ်ခဲ့တဲ့ လမ်း၈၀ နေရာတွေဟာ မန္တလေးရဲ့အသည်းနှလုံးအထင်ကရတွေဖြစ်ခဲ့ပေမယ့် ယနေ့ ၂၀၂၆ခုနှစ်မှာတော့ မန္တလေးမြို့ဟာ ၆၂လမ်း မနော်ရမ္မံညစျေးနဲ့ မနော်ဟရီလမ်း(၁၁ဝလမ်း)တစ်ဝိုက်လို့ ပြောရအောင် စည်ကားမှု တွေဟာ ကွာခြားခဲ့ပါပြီ။
ဘာကြောင့်လဲဆိုတော့ စျေးချိုနားက အထင်ကရနာမည်ကြီးရွှေဆိုင်တွေ၊ လုပ်ငန်းတွေ၊ အရောင်းဆိုင် တွေဟာ ၆၂လမ်းနဲ့ ၁၁ဝလမ်း(မနော်ဟရီလမ်း)တစ်ဝိုက် မဖြစ်မနေ လာရောက်ဖွင့်ရတာကို ကြည့်ခြင်းအားဖြင့် မြို့အရွေ့ဟာ သိသာလာခဲ့ပါတယ်။ ၂ဝဝဝခုနှစ်အစောပိုင်းက အသစ်ပြောင်းရွှေ့လာတဲ့ မြို့သစ်၊ အနောက်မြို့ သစ်လို့ခေါ်ကြတဲ့ မနော်ဟရီလမ်း(၁၁ဝလမ်း)၊ ၇၃လမ်းကနေအရှေ့တစ်လျှောက်လုံးဟာ မန္တလေးမြို့ရဲ့ စျေးအကြီးဆုံးမြေနေရာဆိုရင်လည်း မမှားပါဘူး။
မန္တလေးမြို့လယ်ကနေ မြို့သစ်၊ သင်ပန်းကုန်း၊ စက်မှုမြို့သစ်ဘက်ပြောင်းရွှေ့နေထိုင်ကြသူ မန္တလေး သားစစ်စစ်ဆို ၇၃လမ်း၊ ဘောလုံးအကယ်ဒမီ ရှေ့လမ်းဟာ မိုးရွာရင် ရွှံဗွက်ထူလို့ စက်ဘီးပခုံးပေါ်ထမ်းတင် သွားလာခဲ့ဖူးကြတာ မှတ်မိမှာပါ။
လျှပ်စစ်မီးမရ၊ ရေမီတာ မချပေးနိုင်သေးဘဲ လမ်းမကြီး၊ လမ်းသွယ်အသီးသီးတွေမှာ စနစ်တကျ အကွက်ရိုက်ပြောင်းရွှေ့စေခဲ့ကြတာမို့ နွေဆို အရမ်းပူ မြွေပေါ၊ ထနောင်းပင်အကြီးကြီးတွေနဲ့ တကယ့်အညာက ဘုရားစူးမြို့လို့ ခေါ်ရမယ့် မြို့သစ်ပါပဲ။
ရေဝယ်သုံးရ၊ညဆို ဖယောင်းတိုင်ထွန်းနေထိုင်ရ၊ ည ည ပုဇင်းရင်ကွဲအော်သံတွေနဲ့အတူ မှောင်မဲနေတဲ့ ထနောင်းပင်အများစုရှိခဲ့တဲ့ မြို့သစ်။ ခုတော့ မန္တလေးမြို့ရဲ့ စျေးအကြီးဆုံးနေရာတစ်ခုထဲ ပါဝင်လာခဲ့ပြီ။
အရင်မြို့ဟောင်းလို့သုံးနှုန်းရတော့မလိုဖြစ်တဲ့ သိပ္ပလမ်း( ၁၀၁လမ်း )မြောက်ဘက်၊ ၇၃ လမ်း အထက် ဘက်က တကယ့်မြို့လယ်ခေါင်နေရာတွေကလည်း ကြောက်ခမန်းလိလိစျေးတွေပါပဲ။
ဥပမာ အရင်က မြို့ရှောင်လမ်း၊ မြို့ပတ်လမ်းလို့ခေါ်ခဲ့တဲ့ မန္တလေး-ပြင်ဦးလွင်လမ်းဟာ မြို့ထဲက အဓိကလမ်းတွေရဲ့မီးပွိုင့်တွေကိုရှောင်ချင်တဲ့ခါ မြန်ဆန်အောင် အသုံးပြုခဲ့ကြတာပါ။ အခုဆိုရင် မြို့ပတ်လမ်း ဟာ နာမည်ကြီးပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေ၊ အင်တာနေရှင်နယ်ကျောင်းတွေ၊ စက်သုံးဆီဆိုင်တွေ၊ KTV တွေ၊ ကားအရောင်းပြခန်းတွေ အများအပြားနေရာယူလာချိန်မှာတော့ အဲဒီနေရာတွေကို နေ့စဉ်သွား လာ ဖြတ်သန်းနေကြတဲ့ ယာဉ်အသုံးပြုမှု၊ အရေတွက်ဟာ နံနက်နဲ့ညနေ ရုံးတက်ရုံးဆင်းကျောင်းတက်ကျောင်းဆင်း ချိန်တွေမှာ မြို့ထဲလမ်းတွေထက်တောင် ယာဉ်ကြောပိတ်ဆို့မှု ကြာရှည်လာပါပြီ။
မန္တလေးမြို့မှာ မြေအလွတ်ဧကကျယ်ကျယ်ရနိုင်တဲ့နေရာဟာ ပုသိမ်ကြီးမြို့နယ်အစနဲ့ မဟာအောင် မြေမြို့နယ် အစွန်ဖျားဆုံရာ အဲဒီမြို့ပတ်လမ်းသာရှိတာမို့ နေရာအကျယ်အဝန်းအသုံးပြုရတဲ့ လုပ်ငန်း တော်တော်များများ ရောက်လာကြတာမဆန်းပါဘူး။
ဆိုတော့ အဲဒီမြို့ပတ်လမ်းဟာ အရင်လို မြို့ရှောင်လမ်းမဟုတ်တော့ဘဲ မြို့လယ်ခေါင်နီးပါး အသုံးပြုမှု များပြားလာပြီဖြစ်တာကြောင့် ယာဉ်အန္တရာယ်ကင်းရှင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှုနည်းပါးစေရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
ခေတ်နဲ့အညီ လူဦးရေ၊အဆောက်အဦးဖွံ့ဖြိုးတိုးတက်လာတာမို့ တာဝန်ရှိသူတွေအနေနဲ့ အနာဂတ် planသာမက လက်ရှိအခြေနေတွေကိုလည်း ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး စီစဉ် ဆောင်ရွက်သွားရမှာလည်း ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အရင်တုန်းကအခေါ် ဘိုးဘိုးကြီးနတ်နန်း ယခု သိပ္ပံလမ်း(၁၀၁လမ်း)နဲ့ မြို့ပတ်လမ်း အဝိုင်းကြီးကနေ ရန်ကင်းတောင်အိမ်ယာစီမံကိန်းထိ လမ်းသစ်ကြီးဖောက်လိုက်ပြီမို့ ပုသိမ်ကြီးမြို့ နယ်ထဲက ရပ်ကွက်၊ကျေးရွာကသူတွေလည်း အသုံးပြုသွားလာမှုများပြားလာပြီပဲဖြစ်ပါတယ်။
ဒါတွေက မန္တလေးမြို့ဟာ အရှေ့နဲ့ အရှေ့တောင်ဆီ ချဲ့လာတဲ့သက်သေတစ်ခုပါပဲ။
■ ၂၀၂၁နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းလက်ရှိမန္တလေး
မန္တလေးမြို့ကြီးကိုကြည့်မယ်ဆိုရင် နေရာလွတ်မကျန်အောင် ပြည့်ကျပ်နေတဲ့ ဆိုင်ခန်းတွေ၊ စားသောက်ဆိုင်အမည်တပ် ဘီယာဆိုင်တွေနဲ့အတူ ရှိုးပွဲပါမစ်မလိုတော့တဲ့ Barအမည်တပ် ဆိုင်တွေရဲ့ စင်မြင့်ကြီးတွေမှာ နာမည်ကြီးအဆိုတော်တွေရဲ့အလှည့်ကျဖျော်ဖြေမှုတွေနဲ့အတူ သတ်မှတ်စျေးနှုန်းတွေနဲ့ ပမာဏတစ်ခုထိ ရောင်းချတာတောင် အလုအယက်ဘွတ်ကင်တင် ဝယ်ယူရတဲ့အနေအထား။
သောကြာနေ့ကစလို့ ပိတ်ရက်တွေ၊ လပြည့်လကွယ်လိုနေ့တွေမှာဆိုရင် လမ်းမပေါ်က ဘီယာဆိုင် တွေမှာ ထိုင်စရာမရတဲ့ထိပြည့်တဲ့အထိ။ သူ့တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။
ရပ်ကွက်ထဲက အရက်ဖြူဆိုင်တွေဟာဆိုရင် မနက်ရနာရီထဲက ရောင်းနေရပြီဖြစ်သလို ပါဆယ်လို့ ခေါ်တဲ့ liquor ဆိုင်သေးလေးတွေဟာဆိုရင်လည်း တလမ်းကို တစ်ဆိုင်အနည်းဆုံး တစ်ချို့နေရာတွေဆိုရင် ဆိုင်တွေက မျက်နှာချင်းဆိုင်၊ တစ်ဆိုင်ကျော် အကွာဝေးလောက်ပေမယ့် မရောင်းရရလား ရောင်းရလားဆိုရင် အဲလိုဆိုင်လေးတွေ အလျှိုလျှိုပေါ်လာပုံများ ဆင်ခြေဖုံးနဲ့ လူလတ်တန်းးအများစုရှိရာနေရာမယ် ပိုများလာ သလား ထင်ရလောက်အောင် အလွှာပေါင်းစုံတွက် ယစ်မျိုးပေါင်းစုံ အလွယ်တကူဝယ်ယူ သောက်သုံးခွင့်ရနေ ပါတယ်။
ယစ်မျိုးလိုင်စင်ရောင်းချခွင့်စျေးတောင် ကျပ်သိန်းနှစ်ရာအထက်ကို အလုအယက်ဝယ်ကြရတဲ့အထိ နောက်ဆက်တွဲ အလုပ်အကိုင်အခွင့်အလမ်း၊ တစ်နိုင်တစ်ပိုင်စီးပွားရေးအဖြစ် လုပ်ကိုင်လာကြတာမို့ Barတွေ၊ ဘီယာဆိုင်တွေမှာ အလုပ်သမားဖြစ်လုပ်ကိုင်လာကြသူတွေဟာဆိုရင်လည်း မငြိမ်းချမ်းရာဒေသအသီးသီးက ပြောင်းရွှေ့လာတဲ့၊ ပညာသင်ကြားခွင့်မရတော့တဲ့ ဆယ်ကျော်သက် ကလေးတွေပါပဲ။
စာသင်ခန်းထဲရှိရမယ့်အရွယ်တွေတွက် ရွေးချယ်စရာမရှိတဲ့အခြေနေမှာ မိဘအုပ်ထိန်းမှုအောက်မှာ နေရမယ့်အစား ကိုယ့်ကိုကိုယ်ထိန်းကျောင်းရင်း ရှင်သန်နေကြရတဲ့လူငယ်တွေပါ။ ကိုယ်နေတဲ့တိုက်ခန်း အောက်ထပ်က ဗြူတီဆလွန်းမှာလုပ်နေတဲ့ ကောင်မလေးဟာဆိုရင် ၈တန်းကျောင်းသူလေး၊ 2019 ကိုဗစ်ရောဂါနဲ့၂၀၂၁ နိုင်ငံရေးအခြေနေနဲ့ပေါင်းပြီး ကျောင်း၂နှစ်လောက် မတက်ခဲ့ရတော့ အသက်နဲ့အတန်း ပညာနဲ့ကွာဟနေပြီ။
ဒါပေမယ့် ကျောင်းပြန်တက်ဖို့ သူ့ဇာတိ မိတ္တီလာ၊ မလိုင်မြို့နယ်ဘက်ပြန်သွားခဲ့တာ နှစ်လ လောက်ကြာတော့ ဆိုင်ပြန်ရောက်နေပြန်ရော။ မေးကြည့်တဲ့ခါ သူတို့ဒေသတွေမှာ ကျောင်းတက်ဖို့ကို အခက်အခဲဖြစ်ရတယ်။ ကျောင်းတက်တဲ့ကျောင်းသားရှိပေမယ့် ကျောင်းစိမ်းဝတ်စုံဝတ်ပြီးသွားလို့မရသလို ကျေးရွာဖြစ်တာမို့ လုံခြုံရေးပိုင်းအရလည်း စိတ်မချရတာကြောင့် မန္တလေးပြန်လာ အလုပ်လုပ်ရတယ်။
အဲဒါ ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ်အတွင်းတွေမှာပါ။ နောက်မှပြန်ကြားတာက အဲကောင်မလေးနဲ့ ရေသန့်လာ ပို့တဲ့ကလေး အိမ်ထောင်ကျသွားတယ်။ ဘီယာဆိုင်ထိုင်ရင်လည်း ၀ိတ်တာ(စားပွဲထိုး) ကောင်မလေးအများစုက ဆယ်ကျော်သက်အရွယ်လေးတွေ၊ တစ်ချို့ဆိုစကားဝဲတဲတဲနဲ့ မြန်မာစကားပီအောင် မပြောတတ်ကြတာတွေ လည်း တွေ့ရပါရဲ့။
သေချာတာကတော့ ၂၀၂၁ခုနှစ်နောက်ပိုင်း မန္တလေးမှာ ပုရွက်ဆိတ်တွေလို တန်းစီပေါလာတာ ကတော့ သီချင်းသီဆိုဖျော်ဖြေမှုပါဝင်တဲ့ ဘီယာဆိုင်တွေ၊ အဆိုတော်တွေပါဝင်တဲ့ ရှိုးပွဲဖျော်ဖြေမှုတွေနဲ့အပြင် KTV ခန်းတွေမှာ အရင်လို အမျိုးသမီးတွေနဲ့သီချင်းသီဆိုရုံမဟုတ်တော့ဘဲ သီးသန့်ခန်းတွေမှာ ကိုယ်ပိုင်DJ သမား၊ ကန့်သတ်ထားတဲ့တားမြစ်ဆေးတွေသုံးစွဲပြီးညလုံးပေါက် Hiလို့ရတဲ့နေရာတွေလည်း ပေါများလာတာ အားလုံးသိမြင်ကြားတွေ့ရမှာပါ။
■ Smart City မလာခင်လမ်းနံပတ်အမှတ်အသားတွေပြန်တပ်ဖို့လို
၂၀၂၁ခုနှစ်နိုင်ငံရေးအခြေနေနောက်ပိုင်း ဆန္ဒပြသူတွေဟာ လမ်းညွှန်ဆိုင်းဘုတ်က လမ်းနံပါတ်တွေကို မှုတ်ဆေးတွေနဲ့ဖုံးအုပ်ခဲ့ကြတယ်။ အခုထိ လမ်းနံပတ်တွေရှာရာမှာ အခက်အခဲဖြစ်နေကြရပါတယ်။
မန္တလေးမြို့ခံလိုလူတောင် ဥပမာ မြို့လယ်ခေါင် ဗထူးကွင်းလိုနေရာ လမ်း၃ဝနဲ့ရ၁လမ်းဆိုတာ ဆိုင်းဘုတ်မလိုဘဲသိပေမယ့် မြို့သစ်ဘက်၊ အထူးသဖြင့် စက်မှုမြို့သစ်ဘက်နေရာတွေက လမ်းတွေကတော့ လမ်းညွှန်ဆိုင်းဘုတ်မရှိဘဲ သွားလာဖို့အဆင်မပြေပါဘူး။
နောက်ပြီး လမ်းညွှန်ဆိုင်းဘုတ်တပ်ရာမှာလည်း ဘတ်ဂျက်အခြေနေအရ ကြော်ငြာစပွန်စာယူပြီး ကုန်ပစ္စည်းနာမည်နဲ့တွဲတပ်ရတာတွေလည်းတွေ့နေရပါတယ်။ ဒါပေမယ့် လမ်းနံပါတ်ကအဓိကမို့ လမ်းညွှန်နံပါတ်ဆိုင်းဘုတ်ထက် ကြော်ငြာဆိုင်းဘုတ်ကကြီးနေတာမျိုးကိုတော့ သတိပြုသင့်ပါတယ်။
မန္တလေးလိုနေရာဟာ လမ်းညွှန်ဆိုင်းဘုတ်အကူညီသာရှိရင် လိုရာကို လျှင်မြန်စွာ သွားလာနိုင်တာ ပြည်သူတင်မက နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသူများအတွက်လည်း ပြည့်သူ့ဝန်ဆောင်မှုဖြစ်စေ၊ လုံခြုံရေးကိစ္စဆောင်ရွက်ရာမှာဖြစ်စေ အသုံးတည့်ပါတယ်။
တစ်ဆက်တည်းကတော့ မြို့ကိုအမြင်အကျည်းတန်စေရုံမက လမ်းဘေးက ဓာတ်တိုင်အရေတွက် ထက်တောင်များနေတဲ့ Wifi ကြိုးတွေပါပဲ။ သိရသလောက်ဆိုရင် Wifi ကုမ္ပဏီတွေ စတင်ဝင်လာစဉ်က မြေအောက်ကနေပဲသွားဖို့ခွင့်ပြုပေးခဲ့တာလို့ထင်ပါတယ်။
ဒါတောင် ကတ္တရာလလမ်းနှုတ်ခမ်းသားတွေတူးပြီး စနစ်တကျပြန်မလုပ်သွားကြလို့ လမ်းမညီမ ညာဖြစ်တဲ့ထိ။ အခုလက်ရှိအခြေနေကတော့ တစ်ချို့ရပ်ကွက်အတွင်းလမ်းတွေဆိုရင် wifiထောင်တဲ့တိုင်က လမ်းလယ်ခေါင်ထိရောက်လုနီးပါးဖြစ်နေသလို ဘိလပ်မြေဖျော်တဲ့ကားတွေ မြို့ထဲသွားရင် ၀ါးလုံးတစ်ချောင်း ဆောင်ရတဲ့ထိ wifiကြိုးခွေတွေကို ရှင်းရင်း သွားရတာမို့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ကြရပါတယ်။ Wifiကြိုးတွေ စနစ်တကျသွယ်တန်းဖို့တွက်လည်း စိစစ်ကြတ်မတ်ပေးစေလိုပါတယ်။
■ လယ်ယာမြေမှမြို့ပြဧရိယာသို့ပြောင်းလဲလာတဲ့ပုသိမ်ကြီး
မန္တလေးစည်ပင်သာယာနယ်နိမိတ်အတွင်းပါဝင်တဲ့ မြို့နယ်၆ခုရှိပြီး ပုသိမ်ကြီးမြို့နယ်ကတော့ သီးသန့်တည်ရှိနေပေမယ့် တစ်ချို့ကျေးရွာတွေကို စည်ပင်သာယာနယ်နိမိတ်ထဲပါဝင်တဲ့မြို့နယ်တွေထဲ ထည့်သွင့်ပြီး ရပ်ကွက်အဆင့်ပြောင်းလဲခဲ့ရတာမျိုးတွေရှိလာခဲ့ပါတယ်။
ဥပမာ မြို့ဧရိယာနဲ့ ဆက်စပ်နေတဲ့ ကံကြီးကုန်း၊ ဇီးအုပ်လိုရွာတွေဟာ အရင်က ပုသိမ်ကြီးမြို့နယ် ထဲပါဝင်ခဲ့ပေမယ့် တည်နေရာအချက်အချာ ကျမှုတွေကြောင့် ပြည်ကြီးတံခွန်မြို့နယ်ထဲက ရပ်ကွက်တစ်ခုအဖြစ် ပြောင်းလဲပါဝင်ခဲ့ရပါတယ်။
မြို့မြေရပ်ကွက်ဖြစ်သွားပြီဆိုတာနဲ့ ကျေးရွာလို ရေ၊ မီး၊ မြောင်းကအစ ကိုယ်ထူကိုယ်ထစနစ်မဟုတ် တော့ဘဲ လူနေမှု အခြေခံလိုအပ်ချက်တွေကို မြို့တော်စည်ပင်သာယာမှ ဆောင်ရွက်ပေးခြင်း၊တင်ပြလျှောက် ထားနိုင်ခြင်း၊ မြေပိုင်ဆိုင်မှုဂရန်ရရှိနိုင်ခြင်း၊ စတဲ့အားသာချက်တွေရှိပါတယ်။
ထို့အတူ ပုသိမ်ကြီးမြို့နယ်ဟာဆိုရင် ဆန်စပါးစိုက်ပျိုးမှု ပမာဏတစ်ခုထိရှိတဲ့ လယ်မြေဧကများစွာ ရှိတဲ့မြို့နယ်ဖြစ်ပါတယ်။ ပုသိမ်ကြီးမြို့နယ်ဟာ မန္တလေးမြို့အရှေ့ခြမ်းမှာတည်ရှိပေမယ့် ရန်ကင်းတောင်အနီး တစ်ဝိုက်ဖြစ်တဲ့ မြို့မြောက်ဘက်ခြမ်းနဲ့ ၃၅လမ်းတောင်ဘက်ခြမ်းဟာ မြေနေရာစျေးတွေကွာခြားမှုရှိပါတယ်။
အပေါ်ကပြောခဲ့သလိုပဲ မြို့က အရှေ့နဲ့ အရှေ့တောင်ဘက်ကို ဦးတည်တိုးချဲ့လာသလိုဖြစ်နေတာမို့ ပုသိမ်ကြီးမြို့နယ်ထဲပါဝင်နေသော်လည်း မန္တလေးမြို့ပတ်လမ်းနဲ့နီးကပ်ဆက်စပ်နေတဲ့ ကျေးရွာတွေဟာ နှစ်အနည်းငယ်မှာ စည်ပင်သာယာနယ်နိမိတ်ထဲရောက်လာရတော့မှာ မလွဲပါ။ ဘယ်အစိုးရတက်တက် မြို့နဲ့ပြည်သူလူထုတွက်ကောင်းမွန်တဲ့စနစ်ဆို ဆက်လက်ကျင့်သုံးတာဖြစ်စေ၊ ပြင်ဆင်တာဖြစ်စေ၊ ပြုပြင်တာဖြစ်စေ ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။
ဆန္ဒပြတောင်းဆိုလို့ဖျက်လိုက်၊ အသနားခံတင်ပြလို့ ခွင့်ပြုလိုက်၊ ပြန်ချပေးလိုက်၊ ရွေးကောက်ပွဲနီးလို့ မသိချင်ယောင်ဆောင်ထားလိုက်၊ ရွေးကောက်ပွဲပြန်ဖျက်လိုက်စတာမျိုးတွေလုပ်မယ့်အစား တိကျသေချာ ခိုင်မာတဲ့မူဝါဒတစ်ခုအပေါ်မှာ ကျောသားရင်သားမခွဲခြားဘဲ အရေးယူခြင်း၊ ခွင့်ပြုပေးခြင်းတွေ ပြုလုပ်သွား ဖို့လိုပါတယ်။
၂၀၁ဝအစိုးရမှစတင်ကာ နိုင်ငံတကာအကူအညီများဖြစ်တဲ့ အစီအစဉ်ဖြင့် Green City ၊ ၂၀၁၅ အစိုးရလက်ထက်မှာလည်း smart city စတဲ့ ရည်ရွယ်တဲ့ အနာဂတ် plan တွေ၊ အာဆီယံဆုရ Toiletကြီးတွေ စတဲ့ အခြေနေတွေရှိခဲ့ပါတယ်။ ဘာပဲပြောပြော မန္တလေးဟာ နိုင်ငံရဲ့ ကဏ္ဍပေါင်းစုံအချက်အချာကျတဲ့ နေရာဖြစ်တာမို့ ဒေသပေါင်းစုံက အခြေချသူတွေအပြင် နိုင်ငံရေးကြောင့် ၅နှစ်တာကာလမှာ ပိုပြွတ်သိပ်လာတာလည်း ငြင်းမရပါဘူး။
ကိုင်တွယ်စရာတွေက အရမ်းကိုများပြားလွန်းတာမို့ တာဝန်ရှိသူတွေအတွက်လည်း အရမ်းကို ခက်ခဲပါ တယ်။မြေယာကိစ္စတွေ၊ စစ်မှုထမ်းလိုကိစ္စတွေ၊ မူးယစ်ဆေးဝါး၊ လုယက်မှုလို မှုခင်းဖြစ်စဉ်တွေ၊ ပြည်သူတွေရဲ့နေ့စဉ်ဘဝသွားလာရေးမှာ လုံခြုံမှုရှိဖို့တွေ စတဲ့အရာတွေ များစွာပါဝင်ပါတယ်။ နိုင်ငံရေးအခြေနေ အပြောင်းလဲတစ်ခုကြောင့် လက်ရှိ ၂၀၂၆ မန္တလေးကတော့ Green City တို့ Smart City တို့ ထက်အရင် Safe City ဖြစ်ဖို့ လိုအပ်နေပါတယ်။
■ Smart City မဟုတ်တောင် Safe Cityလေးတော့ ဖြစ်စေလိုတဲ့ မန္တလေး
လူမှုကွန်ရက်စာမျက်နှာအသီးသီးမှာတက်လာတဲ့ မှုခင်းဖြစ်စဉ်တွေမှာဆိုရင် အမှုကြီးလို့ခေါ်တဲ့ လူသတ်မှု၊ မုဒိမ်းမှုတွေဆိုတာ အကျိုးကြောင်း ရှိဆီလျော်မှဖြစ်ပွားတတ်တဲ့အမှုတွေတောင် ဓါး၊ သေနတ်နဲ့အလွယ်လေးသတ်သွားကြ၊ သေနတ်နဲ့ရွှေဆိုင်တွေ ဓါးပြတိုက်သွားကြတာဆိုရင်လည်း မန္တလေးမှာမနည်းပါဘူး။
ဒါ့အပြင် ဘယ်နားဆိုင်ကယ်လုခံရလို့။ဖုန်းလုခံရလို့။ ဆိုင်ကယ်ကို ရိုးရိုးလုတာတောင်မဟုတ်ဘူးနော်။ ဓါးနဲ့ခုတ်လုတာ။ ဆိုင်ထဲခဏစျေးဝင်ဝယ်နေတုန်း ဆိုင်ကယ်ခိုးခံရလို့။ အိမ်ပေါ်တက် ထမင်းချိုင့်ထည့်နေတုန်း စက်ဘီးခိုးခံရတဲ့ ရဲအရာရှိသတင်းဆို အတော်လေး နာမည်ကြီးသွားသေးတယ်။
ဒါဟာ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအခြေနေကို ပြသနေတဲ့ အခြေနေတစ်ခုပါပဲ။ ဖုန်းလုခံရတဲ့သူက ရဲစခန်းသွားအမှုဖွင့်ရင်တောင် ဆိုင်ကယ်မောင်းရင်း၊ လမ်းလျှောက်ရင်း ဖုန်းပြောတာလား ပြန်မေးခံရတယ်။ ကိုယ့်ဘက်က သတိမမူဘဲနေမိလို့ လုခံရတယ်ဆိုရင်ကို ခိုးသူလုသူအပြစ်မဟုတ်တော့ဘဲ ပေါ့ဆစွာနေမိတဲ့ လုခံရသူအပြစ်ဖြစ်တဲ့ထိ ကျူးလွန်သူတွေ ဘယ်လောက်များပြားနေသားကျနေလဲဆိုတာ ဖော်ပြနေတာပါပဲ။
လက်ရှိခေတ်ကာလအခြေနေ၊ ကုန်စျေးနှုန်းတွေအရ ပြည်သူတွေခမျစားဝတ်နေရေးတွက် အချိန်နဲ့ တပြေးညီ ရုန်းကန်နေရတော့ ကိုယ့်ပစ္စည်းပျောက်လို့ လုခံရရင်တောင် ရဲစခန်းသွားအမှုဖွင့်ဖို့ အတော်စဉ်း စားကြရလို့ မဖွင့်ကြတာများတဲ့အတွက် အမှုစာရင်းမှာ အရေတွက် နည်းနေတာပါ။
ဒါကြောင့် ခေတ်ကာလအနေအထားအရ ဖွံ့ဖြိုးတိုးတက်လာတဲ့ မန္တလေးဟာ ၂၀၂ဝနောက်ပိုင်း အပြောင်းအလဲ ကြီးကြီးမားမားဖြစ်လာမှုအပေါ် ၂၀၂၅ခုနှစ် မတ်လ၂၈ရက်ငလျင်ဘေးကြီးကြောင့်လည်း ထိခိုက်မှု ကြီးမားခြင်းကိုလည်း တပြိုင်နက် ရင်ဆိုင်ရပါတယ်။
ဒီလိုအနေအထားမှာ ခေတ်အဆက်ဆက် တာဝန်ရှိသူတွေ ကြိုးစား အကောင်အထည်ဖော်ခဲ့ကြတဲ့ မြို့ပြဖွံ့ဖြိုးမှု smart city ထက် ဘေးကင်းလုံခြုံ စိတ်ချရတဲ့ safe city ဖြစ်စေရေးကို မြို့သူမြို့သားအားလုံး လတ်တလော အရေးတကြီး လိုလားနေကြတာက သေချာပါတယ်။
■ ■ ■