Popular Myanmar

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဖိတ်ခေါ်

နေပြည်တော်၊ ဩဂုတ် ၆

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ ဓာတ်ခွဲခန်းများသည် ပြည်ပသို့ တင်ပို့သည့် လယ်ယာထွက်ကုန် သီးနှံများနှင့် ပြည်တွင်း/ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများကို စမ်းသပ်စစ်ဆေး၍ စစ်ဆေးချက် အစီရင်ခံစာ (Test Report) များ ထုတ်ပေးလျက်ရှိသည်။

ယခုအခါ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် (ISO/IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန် စစ်ဆေးရေးတွင် ပိုမိုအထောက်အကူပြုစေရေးနှင့် စီးပွားဖြစ် တွက်ခြေကိုက်မှု ရှိစေရေး (Commercialization) အတွက် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များနှင့် Joint Operation စနစ်ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်သည်။

စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် EOI ပုံစံကို www.doca.gov.mm တွင် ရယူ၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၃၁ ရက် ရုံးချိန်အတွင်း နေပြည်တော်၊ ရုံးအမှတ် (၅၂) စားသုံးသူရေးရာဦးစီးဌာနသို့ လည်းကောင်း၊ အီးမေးလ် itqmconsumer@gmail.com သို့ လည်းကောင်း ပေးပို့လျှောက်ထားနိုင်သည်။

အဆိုပါ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ရန်ကုန်-ပဲခူး လမ်းမကြီးဘေး၌ တည်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar