Popular Myanmar

ရွေးကောက်ခံအစိုးရသစ်ကမြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆက်လက်ဖော်ဆောင်နေဟု နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ပြော

ယနေ့ သြဂုတ် ၈ ရက်တွင်ကျရောက်သည် (၅၉)နှစ် မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် အာဆီယံပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့၍ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်အ ဖြစ်ဝင်ရောက်ခဲ့ပြီ အဖွဲ့ဝင်သက်တမ်း (၂၉)နှစ်တာအတွင်း တာဝန်ယူမှု၊ တက်ကြွမှုနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံအသိုက်အဝန်းထူထောင်ရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံယန္တရားများတွင်တက်ကြွစွာပါ ဝင်ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

ထို့ပြင် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များတွင်လည်း အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့အတူ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပခဲ့ပြီး ပြည်သူကရွေးချယ်တင်မြှောက်သည့် ရွေးကောက်ခံအစိုးရသစ်က မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆက်လက်ဖော်ဆောင်နေခြင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံ၏ အခြေခံမူများကို လေးစားလိုက်နာပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အာဆီယံမိသားစုဝင်နိုင်ငံများနှင့်အတူ ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့ကြောင့် အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့ကိုအခြေခံ၍ အာဆီယံ၏ အချက်အချာကျမှုကိုဆက်လက်ထိန်းသိမ်းကာ အားလုံးပါဝင်မှုရှိပြီးစည်းမျဉ်းအခြေပြုသော ဒေသဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုကို ပိုမိုအားကောင်းစွာဖော်ဆောင်သွားကြရမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

မူရင်းသတင်း — Popular Myanmar