ပြီးခဲ့သည့် သြဂုတ် ၆ ရက်နှင့် သြဂုတ် ၇ ရက်တို့က ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံ တော်အဆင့်ချစ်ကြည်ရေးခရီးစဥ်သွား ရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဥ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တကယ်တော့ ဒီခရီးစဉ်က အာဆီယံအဖွဲ့ဝင်နိုင်ငံအ နေနဲ့ အပြုသဘောဆောင်တဲ့ထိတွေ့ဆက်ဆံမှုတွေ၊ ပူး ပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်လိုကြောင်းပြတဲ့ ခရီးစဉ်ပါ။ နောက်ပိုင်းမှာလည်း အာဆီယံထဲက နိုင်ငံတွေကို သွားဖို့အစီအစဉ်ရှိပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ In touch ဖြစ်ချင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်ချင်ပါတယ်၊ နဂိုအတိုင်းပဲ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်ဆိုတာကိုပြသတဲ့ခရီးစဉ်ဖြစ်ပါတယ်”ဟု ဒေါက် တာခိုင်ခိုင်စိုးက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဒေသတွင်းနိုင်ငံများက ပိုမိုနားလည်လာရန်၊ အပြန်အလှန်ယုံကြည်လာရန်တို့ကို ပြသနိုင်သည့်အနေအထားဖြစ်ကာ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းရှည်လျားစွာဆက်စပ်နေပြီး မြေပြင်၊ ရေပြင်ဆက်စပ်နေသည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အခက်အခဲများ၊ ကြုံတွေ့နေရ၊ ရင်ဆိုင်နေရသည့် ပြဿနာများကို ထိုင်းနိုင်ငံကသိပြီး စိန်ခေါ်မှုများကိုနားလည်၍ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံအတွင်း နဂိုပုံမှန်အတိုင်းပါဝင်ရန်၊ လှုပ်ရှားရန်အ တွက် အပြည့်အဝထောက်ခံသွားမည်၊ ကူညီသွားမည်ဟုပြောဆိုထားသဖြင့် ယခု ခရီးစဉ်သည် အာဆီယံ၌ ပုံမှန်အတိုင်းပြန်ပြီးပါဝင်လာရန်၊ အာဆီယံအသိုက်အဝန်းတည်ဆောက်နိုင်ရန် အများကြီးအထောက် အကူပြုသည့်ခရီးစဉ်ဖြစ်သည်ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။