Popular Myanmar

ဧရာဝတီမြစ်ရေ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် စိုးရိမ်ရေမှတ်အထိ မြင့်တက်လာနိုင်

နေပြည်တော်၊ ဩဂုတ် ၉

ဧရာဝတီမြစ်ရေသည် မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေပြီး လာမည့် ၁ ရက်မှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဩဂုတ် ၉ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ဩဂုတ် ၉ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့နှင့် ပခုက္ကူမြို့တို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်အလိုစီ၌ ရောက်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ အသီးသီး ရောက်ရှိနိုင်သည်။

ညောင်ဦးမြို့တွင်မူ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်အလို၌ ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်သည်။

သို့ဖြစ်ပါ၍ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့နယ်များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုရန်နှင့် ဘေးလွတ်ရာသို့ အချိန်မီ ရှောင်ရှားနိုင်ရန် သက်ဆိုင်ရာမှ သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar