ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများ အမြန်ဆုံးလျော့ပါးသက်သာစေရေး၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်၍ မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာမိုင် (၂၅/၃) သို့လည်း သွားရောက်ကာ တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေ၊ ရေတိုက်စားမှုကာကွယ်ရေး၊ ရေနက်ရေစီးကြောင်း ပိတ်ဆို့ရေးနှင့် တာတမံကြံ့ခိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ရေဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးမှသည် ဘေးအန္တရာယ်လွန်ကာလ ပြန်လည်ထူထောင်ရေးအထိ အလေးထားဆောင်ရွက်ရန်နှင့် အလားတူ သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ကြိုတင်ကာကွယ်မှုများ စနစ်တကျ ဆောင်ရွက်ထားရန်လည်း မှာကြားခဲ့သည်။
ရေဘေးသင့်ပြည်သူများ၏ အခက်အခဲကို မြေပြင်အထိ ကိုယ်တိုင်သွားရောက်ကြည့်ရှုကာ ကယ်ဆယ်ရေး၊ ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအထိ တစ်ဆက်တည်း အလေးထားဆောင်ရွက်ပေးမှုသည် ပြည်သူများအပေါ် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှုကို ထင်ဟပ်စေခဲ့သည်။