အင်ဒိုနီးရှားနိုင်ငံ ဘာလီ ခရီးသွားကျွန်းမှ ထွက်ခွာလာသော ကူးတို့သင်္ဘောတစ်စင်းသည် လွမ်ဘော့ခ်ကမ်းလွန်ရေပြင်တွင် မီးလောင်ခဲ့သည်။ဗုဒ္ဓဟူးနေ့တွင် လူ ၁၇၂ ဦးကို ကယ်တင်ထားနိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ပျောက်ဆုံးနေဆဲဖြစ်သည့် အခြားခရီးသည်များကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
KM Putri Yasmin ကူးတို့သင်္ဘောသည် ဘာလီရှိ ပါဒန်ဘိုင်ဆိပ်ကမ်းမှ အနောက် နူဆာ တန်ဂါရာပြည်နယ် လွမ်ဘော့ရှိ လမ်ဘားဆိပ်ကမ်းသို့ ခုတ်မောင်းနေခြင်းဖြစ်ကြောင်း ဒေသခံကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ မူဟာမက် ဟာရီယာဒီက ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ နံနက် ၄း၃၉ နာရီခန့်က လွမ်ဘော့ခ်ရေလက်ကြားတွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဟု ဟာရီယာဒီက ရိုက်တာကို ပြောကြားခဲ့သည်။
ဖြစ်စဉ်အတွင်း အင်ဒိုနီးရှားလူမျိုးတစ်ဦး သေဆုံးကြောင်း ဗုဒ္ဒဟူးနေ့ မွန်းလွဲပိုင်းတွင် အတည်ပြုခဲ့ပြီး လူ ၁၇၂ ဦးကို ဘာလီနှင့် လွမ်ဘော့ခ်ဆိပ်ကမ်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဟာရီယာဒီက ပြောကြားခဲ့သည်။
“အသက်ရှင်လွတ်မြောက်ခဲ့သူများအနက်တစ်ဦးသည် သြစတြေးလျလူမျိုးဖြစ်ပြီး ကျန်သူများမှာ အင်ဒိုနီးရှားများဖြစ်သည်။ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့နဲ့ အခင်းဖြစ်နေရာအနီးက အခြားရေယာဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လှေတစ်ချို့လွှတ်ပေးထားပါတယ်” ဟု ဟာရီယာဒီက ပြောဆိုခဲ့ပြီး လုပ်ငန်းစဉ်ကို ကိုင်တွယ်ရန် ဝန်ထမ်း ၂၀၀ ကျော်စေလွှတ်ထားကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ကူးတို့သင်္ဘောမီးလောင်ရသည့် အကြောင်းရင်း သည် လူပြည့်ကျပ်စွာ တင်ဆောင်ခြင်းကြောင့်လား၊ မတော်တဆဖြစ်ရသည်လားဟူသည့်အကြောင်းရင်းကို မူရှင်းရှင်းလင်းလင်း မသိရသေးပေ။
ကူးတို့သင်္ဘော၏ ခရီးစဉ်တွင် စာရင်း အရ ခရီးသည် ၁၁၄ ဦးနှင့် သင်္ဘောအမှုထမ်း ၁၇ ဦး သာရှိကြောင်း ဘာလီရှိ ပါဒန်ဘိုင်ဆိပ်ကမ်း အရာရှိ ဟာရီ ဝီယန်တိုက ယနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။
မာဒူရာကျွန်းတွင် KM Mutiara 2 အမည်ရ သင်္ဘောတစ်စင်း မီးလောင်ကာ လူ ငါးဦး သေဆုံးခဲ့ပြီး တစ်လပင်မပြည့်မီပင် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ အဆိုပါသင်္ဘောသည်လည်း ၎င်း၏ ခရီးစဉ်တွင် စာရင်းပါ ခရီးသည် အရေအတွက် ထက် ပို၍ လူတင်ဆောင်ထားခဲ့ခြင်းဖြစ်သည်။
Ref: ရိုက်တာ