နေပြည်တော်၊ ဩဂုတ်-၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ်-၁၂ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးကြကြောင်း သိရသည်။
ထို့ပြင် လက်ရှိအခြေအနေနှင့် ကိုက်ညီပြီး နှစ်နိုင်ငံအကျိုးစီးပွားများအား ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်လုပ်ငန်း အစီအစဉ်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပုစွန်မွေးမြူရေးကဏ္ဍအတွက် သားဖောက်ပြုစုခြင်းနည်းစနစ်များ၊ အဆင့်မြင့်မွေးမြူရေးနည်းပညာများ၊ ဇီဝလုံခြုံရေးဆောင်ရွက်မှုနှင့် ငါး၊ ပုစွန်ကျန်းမာရေးနှင့် ရောဂါထိန်းချုပ်ရေးနည်းပညာများ အပြန်အလှန်ဖလှယ်ရယူဆောင်ရွက်နိုင်ရေး၊ တိရစ္ဆာန်အစာထုတ်လုပ်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသန၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။