Eleven Media Group

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင်နေထိုင်သည့် ရန်ကုန်မှပြန်လာသော  အမျိုးသမီးတစ်ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့ရပြီး ၎င်းနှင့်ထိတွေ့ခဲ့သည့် မိသားစုဝင်များအား Quarantine ထားရှိ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင်နေထိုင်သည့် ရန်ကုန်မှ ပြန်လာသော အမျိုးသမီးတစ်ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့ရပြီး ၎င်းနှင့်ထိတွေ့ခဲ့သည့် မိသားစုဝင်များအား Quarantine ထားရှိထားကြောင်း သိရသည်။

ထိုအမျိုးသမီးမှာ ကျိုက္ခမီမြို့၊ ရန်အောင်မြင်ရပ်ကွက်၊ ရွှေကျင်ကျောင်းလမ်းနေ အသက် (၅၉) နှစ်အရွယ် ဒေါ်ဌေးမွန် ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ ဩဂုတ်လ (၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ သရက်တောဘုန်းကြီးကျောင်းမှ တူမဖြစ်သူ အသက် (၄၀) နှစ်အရွယ် ဒေါ်အိအိဖြိုး ဆိုသူနှင့်အတူ ကျိုက္ခမီမြို့သို့ပြန်လာခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းကဆက်လက်ပြီး “ဒေါ်ဌေးမွန် က ဩဂုတ်လ (၁၃) ရက်နေ့ည (၇) နာရီခွဲအချိန်လောက်မှာမကြာခဏဝမ်းသွားနေလို့ ကျိုက္ခမီတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ တိုက်နယ်ဆေးရုံ ဆရာဝန်ကလည်း ဒေါ်ဌေးမွန်ကို စမ်းသပ်စစ်ဆေးတဲ့အခါမှာ Cholera Test Kit Positive (ပြင်းထန်ဝမ်းပျက်ဝမ်းလျော) ဖြစ်ပွားနေတာကို စမ်းသပ်တွ့ရှိခဲ့ရပါတယ်” ဟု ပြောကြားသည်။

ဒေါ်ဌေးမွန်အား ကျိုက္မမီတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုပေးထားပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာကာ ဝမ်းအနည်းငယ်သာ သွားတော့ကြောင်း ၎င်းကဆိုသည်။

၎င်းနှင့် ထိတွေ့ခဲ့သည့် မိသားစုတင် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၇) ဦးတို့ကိုလည်း ကျိုက္ခမီတိုက်နယ်ဆေးရုံတွင် Quarantine ထားရှိကာ စောင့်ကြည့်ထားကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တချို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့မှစတင်ကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွဦးလျှက်ရှိရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ်လ (၁၃) ရက်နေ့အထိ လူနာပေါင်း (၁၈၀) ဦးကျော်တက်ရောက်ခဲ့ရပြီး၊ အသက် (၉၂) နှစ်အရွယ် သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် လူနာ (၅၄) ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်များအတွင်း သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းကာ အစားအသောက်နှင့် ရေများအား ဓါတ်ခွဲစစ်ဆေးမှုများလုပ်ဆောင်နေသည့်အပြင်၊ အစားအစာများရောင်းချနေသည့် လမ်းဘေးဈေးသည်များကိုလည်း ဩဂုတ်လ (၁၃) ရက်နေ့မှစတင်ကာပိတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် (၂၀၂၆) ခုနှစ် ဧပြီလ (၃၀) ရက်နေ့ကလည်း ကျိုက္ခမီမြို့တွင် ရေလုပ်သားများနှင့် မိသားစုဝင်တချို့ ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘိုဘိုမြင့်

မူရင်းသတင်း — Eleven Media Group