Eleven Media Group

ရှီကျင့်ဖျင်ဒဿနများအောက်က တရုတ်နိုင်ငံအုပ်ချုပ်မှု

သမ္မတရှီကျင့်ဖျင်လက်ထက် တရုတ်နိုင်ငံ၏အုပ်ချုပ်မှုစနစ်နှင့် ပုံစံများ (တစ်နည်းအားဖြင့် ဆိုရသော်) ခေတ်သစ်ကမ္ဘာတွင် ကဏ္ဍစုံ၌ အောင်မြင်တောက်ပမှုများပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုပုံစံကို ရှုထောင့်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံနှင့် နယ်ပယ်ပေါင်းစုံမှ ဉာဏ်မီသမျှလေ့လာကြည့်မိရသလောက်တွင် (၁) လူသားဗဟိုပြုသည့်ဝါဒ (၂) သဘာဝနှင့် ကမ္ဘာမြေအားချစ်မြတ်နိုးခြင်း ဟူသည့်အချက်နှစ်ချက်ကို ထင်ရှားစွာ တွေ့မြင်ရသည်။

ထိုအချက်နှစ်ချက်ကပင် တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများ၏ အောင်မြင်တောက်ပသောခေတ်ကို ဖန်တီးပုံဖော်နိုင်ခဲ့ပြီး ထိုမှတဆင့် ငြိမ်းချမ်းသောကမ္ဘာ၊ အတူတကွတောက်ပသောကမ္ဘာကို ပုံဖော်ရန် အလားအလာများအဖြစ် ရှုမြင်မိသည်။

■ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု၊ တရုတ်လူမျိုးများ၏ စည်းလုံးမှု

အနောက်တိုင်းနိုင်ငံများ၏ လစ်ဘရယ်ဝါဒအခြေပြုသော နိုင်ငံရေးစနစ်တွင် မတူညီ၍ကွဲပြားခြားနားသော နိုင်ငံရေးပါတီများအကြားတွင် တစ်ဦးနှင့်တစ်ဦးတိုက်ခိုက်ဝေဖန်၍ အကျိုးစီးပွားပွတ်တိုက်မှုများ၊ တစ်ဦးနှင့် တစ်ဦး အပြစ်ရှာ၍ zero-sum game အဖြစ်ဦးတည်နေကြချိန်တွင် တရုတ်နိုင်ငံကတော့ ကွန်မြူနစ်ပါတီ၏ အင်အားတောင့်တင်းသော ဦးဆောင်မှုနှင့် တရုတ်အမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် အောင်မြင်သည့်စာမျက်နှာသစ်များကို ရေးထိုးနေလျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်သည့် တရုတ်နိုင်ငံနှင့် တရုတ်လူ့အဖွဲ့အစည်းသည် မာ့ခ်စ်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒတို့ကို အတုံးလိုက်အတစ်လိုက်ကျင့်သုံးနေကြခြင်းမဟုတ်ဘဲ မိမိကိုယ်ကို စဉ်ဆက်မပြတ် ပဲ့ပြင်သင်ယူခြင်းဖြင့် ဆင့်ကဲအဆင့်မြင့်လာသောမာ့ခ်စ်ဝါဒကို တစ်ဆင့်ချင်းမွေးဖွားကျင့်သုံးနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီအတွင်းတွင်လည်း အင်အားချိနဲ့ခြင်း၊ အကျိုးအမြတ် တွက်ချက်ခြင်း၊ ပါတီ၏ဦးဆောင်မှုကို တိုက်စားပျက်ဆီးစေခြင်း၊ အနှစ်သာရကင်းမဲ့သည့် ရုပ်ဝါဒီကြီးစိုးခြင်း၊ အသုံးအဖြုန်းကြီးခြင်း၊ ပကာသနမက်မောခြင်း စသည့် အလုပ်သမား၊ လယ်သမားလူတန်းစားတို့၏ တန်ဖိုးနှင့် ဆန့်ကျင်သော အလေ့အကျင့်တို့ဆီသို့ ဦးတည်သွားနိုင်သည့် အခြေအနေများလည်း ရှိခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ထိုကဲ့သို့သော မှားယွင်းသည့်အလေ့အကျင့်များကို တိုက်ဖျက်ခြင်းတွင် “၁.၄ ဘီလီယံသော ပြည်သူများ၏ အကျိုးစီးပွားကို မဆုံးရှုံးစေခြင်းငှာ၊ ထိုမျှသောရာဂဏန်း၊ ထောင်ဂဏန်းမျှရှိသည့် (အဂတိကျူးလွန်သည့်) လူအနည်းငယ်ကို အပြစ်ပေးရဲသည့်သတ္တိရှိရမည်” ဟူသည့် သမ္မတရှီကျင့်ဖျင်၏ ဦးဆောင်မှုဖြင့်ပင် တရုတ်ကွန်မြူနစ်ပါတီက မကြာသေးမီနှစ်များအတွင်း ဆယ်စုနှစ်တစ်ခုကျော်အတွင်း၌ ပါတီတွင်းစီမံခန့်ခွဲမှုကို စဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်စေခဲ့ပြီး တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းတို့ကို ချမှတ်ကာ လာဘ်ပေးလာဘ်ယူနှင့် အဂတိကို ပြတ်ပြတ်သားသား တိုက်ဖျက်လေသည်။

ဤနေရာ၌ အလျင်းသင့်သောကြောင့် ကျွန်မ၏ကိုယ်ပိုင်အတွေ့အကြုံအရ တင်ပြရလျှင် မြန်မာနိုင်ငံတွင် လာရောက်တာဝန်ထမ်းဆောင်နေကြသော တရုတ်အစိုးရ၏အမှုတော်ကို ထမ်းနေကြသူများသည် မည်သည့်လက်ဆောင်ပဏ္ဍာ အနည်းငယ်ကိုမျှပင် ခင်မင်မှုအခြေခံ အကြောင်းအရင်းဖြင့်ပင် ပေးသော်လည်း လက်မခံကြသည်ကို တွေ့ရသကဲ့သို့ အခြားသော လိုက်နာစောင့်ထိန်းရမည့် စည်းကမ်းဟူသမျှကို မည်မျှပင်သေးငယ်စေကာမူ စောင့်ထိန်းလိုက်နာကြပုံမှာ တိုင်းတစ်ပါး၌ တာဝန်ထမ်းဆောင်နေချိန်မှာပင် ပါတီ၏စည်းမျဉ်းစည်းကမ်းများက ၎င်းတို့၏ သွေးကြောနှင့် ရိုးတွင်းချဉ်ဆီထဲအထိ ဆိမ့်ဝင်နေသည်ဟု ထင်ရလောက်အောင်ပင် တွေးစရာဖြစ်နေသည်။ ဤမျှအထိ ပါတီ၏ဦးဆောင်မှုနှင့် ပြည်သူ၏စည်းလုံးမှုက ခိုင်မာနေသည်။

■ အချိန်ကာလ၏မေးခွန်းများကို သီအိုရီအသစ်များဖြင့် အဖြေထုတ်ခြင်း

“အပြောင်းအလဲများမြန်ဆန်လွန်းသော ယနေ့ကမ္ဘာနှင့် ပြောင်းလဲနေသည့်တရုတ်နိုင်ငံအတွက် နည်းလမ်းအဟောင်းများကို ဖက်တွယ်လွန်းခြင်းနှင့် အတွေးအခေါ်ပိုင်းတွင် သီအိုရီအသစ်များကို ဖန်တီးဖော်ထုတ်ရန်အတွက် ကြိုးစားအားထုတ်မှုမရှိခြင်းများသည် တရုတ်နိုင်ငံ၊ ကမ္ဘာမြေအိမ်နှင့် လူသားများ၊ ရွေ့လျားပြောင်းလဲနေသည့်အချိန်ကာလတို့၏ တောင်းဆိုချက်အသစ်များကို ဖြည့်ဆည်းပေးနိုင်ရန် ခက်ခဲနေလိမ့်မည်” ဟု ရှီကျင့်ဖျင်က ၂၀၂၂ ခုနှစ်တွင်ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက်ပြည်သူ့ကွန်ကရက်တွင် လူသားနှင့်အချိန်ကာလတို့က တောင်းဆိုသည့် “needs” လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ သီအိုရီများကို (adapt) လိုက်လျောညီထွေ အဆင့်မြှင့်တင်သင့်ကြောင်းကို ထောက်ပြပြောကြားခဲ့သည်။

ဒါ့အပြင် သမ္မတရှီကျင့်ဖျင်သည် ၂၀၂၁ ခုနှစ်ကကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် ၁၀၀ ပြည့် အခမ်းအနားတွင် “မာ့ခ်စ်ဝါဒ၏ အခြေခံသဘောတရားများကို တရုတ်နိုင်ငံ၏အရှိတရားများ (တရုတ်အမျိုးသားတို့၏ ဝိသေသလက္ခဏာရပ်များ) ၊ တရုတ်တို့၏ ကောင်းမွန်သည့် ရိုးရာယဉ်ကျေးမှုများနှင့် ပေါင်းစပ်ရန်မဖြစ်မနေလိုအပ်သည်” ဟုဆိုကာ “ပေါင်းစပ်မှုကြီးနှစ်ခု - Two Integrations” အယူအဆကို ပထမဆုံးထုတ်ဖော်အဆိုပြုခဲ့သည်။

ဆိုရပါသော် “တရုတ်နိုင်ငံ၏အမျိုးသားဝိသေသလက္ခဏာရပ်များနှင့် မာ့ခ်စ်ဝါဒကိုပေါင်းစပ်ခြင်း” သည် တရုတ်ကွန်မြူနစ်ပါတီကို စတင်တည်ထောင်ခဲ့သည့် ၁၉၂၁ ခုနှစ်ကတည်းက ပါတီ၏ အခြေခံသဘောတရားဖြစ်သော်လည်း “ကောင်းမွန်သည့် တရုတ်ရိုးရာယဉ်ကျေးမှုများနှင့် မာ့ခ်စ်ဝါဒကို မဖြစ်မနေပေါင်းစပ်ရန်” မှာ နှစ် ၁၀၀ ကြာသည့်အချိန်တွင်မှ ရှီကျင့်ဖျင်က အဆိုပြုခြင်းဖြစ်သည်ဟု လေ့လာတွေ့ရှိရသည်။

■ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးအတွက် ရှီကျင့်ဖျင်မွမ်းမံသော မာ့ခ်စ်ဝါဒ

ဤအချက်က ခေတ်သစ်ကမ္ဘာအခင်းအကျင်းတွင်လည်း အရေးပါလာသည်။ အဘယ့်ကြောင့်ဆိုသော် “ဤ “ပေါင်းစပ်မှုကြီးနှစ်ခု - Two Integrations” အယူအဆသည် ပါတီအနေဖြင့် ၎င်း၏ကိုယ်ပိုင်သမိုင်းဖြင့် တရားဝင်ရပ်တည်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာတရားဝင်ရပ်တည်ခြင်းတို့ကို နားလည်စေပြီး ထိုမှတဆင့် ပညာရေးပြုပြင်ပြောင်းလဲခြင်း၊ ယဉ်ကျေးမှုပြုပြင်ပြောင်းလဲခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲခြင်းနှင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်များအတွက် မူဝါဒချမှတ်ဆုံးဖြတ်ခြင်းများအပေါ်တွင် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိခြင်းကြောင့် ဖြစ်သည်” ဟု ရှန်ဟိုင်းရှိ East China Normal University မှ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးပညာရပ် ပါမောက္ခတစ်ဦးဖြစ်သူ Josef Gregory Mahoney က ၎င်း၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဆက်၍လေ့လာကြည့်လျှင် လူသားမျိုးနွယ်၏အနာဂတ်အတွက်လည်း ရှီကျင့်ဖျင်၏ အတွေးအခေါ် အယူအဆများက တစ်ခုနှင့်တစ်ခု အားဖြည့်နေသည်ကို တွေ့ရသည်။ ရှီကျင့်ဖျင်ဦးဆောင်သည့် တရုတ်နိုင်ငံက “အပြန်အလှန်လေးစားခြင်း၊ တရားမျှတမှု (fairness and justice) ၊ နှစ်ဦးနှစ်ဖက် ကောင်းကျိုးများရရှိမည့် ပူးပေါင်းဆောင်ရွက်ခြင်း (win-win cooperation)” တို့ကို အခြေခံသည့် နိုင်ငံတကာဆက်ဆံရေးပုံစံသစ်ကို တောက်လျှောက် တစိုက်မတ်မတ် တိုက်တွန်းအရေးဆိုလာခဲ့သည်။ ထို့အပြင် နိုင်ငံများအကြား အချုပ်အခြာအာဏာတန်းတူညီမျှရရှိရေး၊ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ၏ ကိုယ်စားပြုခွင့်၊ ပါဝင်ခွင့်နှင့် အသံတို့ ပို၍များများရရှိစေခြင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတို့ကို ဆုံးဖြတ်ရာ၌ ကမ္ဘာ့နိုင်ငံများအားလုံးပါဝင်ခွင့် ရစေခြင်းများကို တရုတ်နိုင်ငံက မပြောင်းလဲသောမူဝါဒအဖြစ် တောင်းဆိုရပ်နေသည့်နိုင်ငံကြီးတစ်ခုဖြစ်သည်။ ထို့ပြင် ၂၀၂၆ ခုနှစ်၊ မတ်လက ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ Two Sessions အစည်းအဝေးကြီးတွင်လည်း Belt and Road ပူးပေါင်းဆောင်ရွက်မှုများကို အရည်အသွေးမြင့်တည်ဆောက်မှုများအဖြစ် အဆင့်မြှင့်တင်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုအဆိုပြုချက်ကိုလည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တီယန်ကျင်းတွင်ကျင်းပသော အစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များကို ရှီကျင့်ဖျင်က တိုက်ရိုက်အဆိုပြုခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များက ဆက်တိုက် အဆိုပြုဖော်ဆောင်လာခဲ့သည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆိုပြုချက်များနှင့် တဆက်တည်း နိုင်ငံများနှင့်အတူတကွ ဖော်ဆောင်ရန် မျှော်မှန်းထားရှိခြင်းသည်လည်း အထက်တွင်ဖော်ပြခဲ့သော “ပေါင်းစပ်မှုကြီးနှစ်ခု - Two Integrations” အယူအဆ၏ သက်ရောက်မှုများဖြစ်သည်။

ဆိုလိုသည်မှာ အပြောင်းအလဲနှင့် ရန်လိုမှု၊ မညီမျှမှုများကြီးစိုးလာသည့် ယနေ့ကမ္ဘာ့အခင်းအကျင်းကို ပြန်လည်ထိန်းကျောင်းတည့်မတ်ရန်အတွက် အဆိုပါအဆိုပြုချက်များက လူသားတွေအတူတကွ မျှဝေနေထိုင်သည့် ကမ္ဘာမြေအိမ်အတွက် တည်ငြိမ်အေးချမ်း၍ တည်တံ့မည့်အာမခံချက်ကိုပေးနိုင်ကာ လူသားယဉ်ကျေးမှုနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စည်ပင်သာယာဝပြောခြင်းကို နိုင်ငံများအကြား အတူတကွဖော်ဆောင်ကြရန် တွန်းအားရစေသည်။ လူသားမျိုးနွယ်အတွက် အေးအတူပူအမျှအနာဂတ် အသိုက်အဝန်းကိုတည်ဆောက်ရန် မာ့ခ်စ်ဝါဒကို ပြန်လည်မွမ်းမံထားသည့် လက်တွေ့ဖော်ဆောင်ရန်ဖြစ်နိုင်သော အဆိုပြုချက်များဖြစ်သည်။

■ သဘာဝတရား၊ လူ့အခွင့်အရေးနှင့် ရှီကျင့်ဖျင်မွမ်းမံသည့် မာ့ခ်စ်ဝါဒ

လူသားဗဟိုပြုသည့်ဝါဒသည် မာ့ခ်စ်ဝါဒ၏အခြေခံကျသော သဘောတရားတစ်ခုဖြစ်ပြီး လူသားမျိုးနွယ်ကို ဗဟိုပြုစဉ်းစားခြင်းသည်လည်း မာ့ခ်စ်ဝါဒယုံကြည်သူများ၏ အခြေခံကျသော နိုင်ငံရေးအယူအဆဖြစ်သည်။ ခေတ်မီ၍ ဖွံ့ဖြိုးတိုးတက်မှုများလည်းများပြားမြန်ဆန်လွန်းသော ယနေ့ခေတ်တွင် လူသားတို့၏အခြေခံ လိုအပ်ချက်များကလည်း ပိုမိုကောင်းမွန်သော တစ်ကိုယ်ရေဘဝတို့ရရှိရေးအတွက် တိုး၍တိုး၍ ရှုတ်ထွေးကာ တိုး၍တိုး၍များပြားလာနေသည်။ သို့သော် အနှစ်ချုပ်ကြည့်လျှင် အရိုးရှင်းဆုံးခံယူချက်တစ်ခုက “ပြည်သူတွေလိုချင်နေသော ပိုမိုကောင်းမွန်သည့် တစ်ကိုယ်ရေဘဝများ ရရှိရေးသည် ကျွန်ုပ်တို့၏ပန်းတိုင်ဖြစ်သည်” ဟု ရှီကျင့်ဖျင်က ခံယူထားကြောင်း လေ့လာတွေ့ရှိရသည်။

ရှီကျင့်ဖျင် နားလည်ထားသည့် ပြည်သူတွေလိုချင်သော ပိုမိုကောင်းမွန်သည့်ဘဝများဆိုသည်မှာ ရိုးရှင်းသည်။ ပိုကောင်းသောပညာရေး၊ တည်ငြိမ်သောအလုပ်အကိုင်၊ စိတ်ကျေနပ်ဖွယ်ကောင်းသောဝင်ငွေ၊ ယုံကြည်ကိုးစားထိုက်သော လူမှုဖူလုံရေးစနစ်၊ အဆင့်အတန်းမြင့်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသခြင်း၊ သက်တောင့်သက်သာရှိသော လူနေမှုအခြေအနေ၊ လှပသောသဘာဝပတ်ဝန်းကျင် တို့ဖြစ်ကြသည်။

ထို့ကြောင့်လည်း ရှီကျင့်ဖျင်အဆိုပြုသည့် သီအိုရီများစွာရှိသည့်အထဲမှ တစ်ခုဖြစ်သော “လူသားနှင့်သဘာဝတရားအကြား ဆက်နွယ်မှုဆိုင်ရာ မာ့ခ်စ်ဝါဒဖွံ့ဖြိုးတိုးတက်မှု” အတွေးအခေါ်တွင် “မြစ်၊ ချောင်း၊ အင်း၊ အိုင် ပါဝင်သောရေသယံဇာတနှင့် တောင်တန်းများသည် တန်ဖိုးဖြတ်မရသည့် အမွေအနှစ်များ ဖြစ်ပြီး လူသားနှင့်သဘာဝအကြား သဟဇာတဖြစ်စေဖို့ အားပေးကူညီရမည်” ဟုဖြစ်သည်။ ဤသည်မှာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ခြင်း၊ သဘာဝကပ်ဘေးများကို ရင်ဆိုင်ခြင်းအတွက် အခြေခံလမ်းညွှန်ချက် တစ်ရပ်သကဲ့သို့ပင်ဖြစ်သည်။

“ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝကိုထိန်းသိမ်းစောင့်ရှောက်မှသာလျှင် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ၏ အရင်းအမြစ်များကို ကုစားနိုင်မည်ဖြစ်ပြီး လူသားတို့၏အခြေခံလူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကာ လူသားအသိုက်အဝန်း၏ တိုးတက်မှုအတွက်လည်း အားပေးမြှင့်တင်နိုင်မည်ဖြစ်သည်” ဟု ၂၀၁၆ ခုနှစ်က ထုတ်ပြန်သည့် “ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးဆိုင်ရာ တရုတ်နိုင်ငံ၏ ဒဿန၊ လုပ်ထုံးလုပ်နည်းနှင့် ပါဝင်ခြင်း” စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် “လူသားအားလုံးသည် သဘာဝတရားနှင့် ကမ္ဘာမြေအတွက် သူငယ်ချင်းကောင်းများဖြစ်ကြရမည် ဖြစ်ပြီး ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းကို ကိုင်တွယ်ဖြေရှင်းရာ၌ အတူတကွပူးပေါင်းဆောင်ရွက်ကြ သင့်ပြီး လူသားမျိုးနွယ်ရေရှည်တည်တံ့ရပ်နိုင်ရေးအတွက် ကမ္ဘာမြေအိမ်ကို အတူတကွကာကွယ်ကြရမည်” ဟု ၂၀၁၇ ခုနှစ်ကကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက်အမျိုးသားကွန်ကရက် အစည်းအဝေး အစီရင်ခံစာတွင် ရှီကျင့်ဖျင်က ထည့်သွင်းဖော်ပြထားကြောင်းလည်း လေ့လာသိရှိရသည်။

သို့ဖြစ်၍ ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံအုပ်ချုပ်မှု ဒဿနများကို လူသားကိုဗဟိုပြုခြင်းနှင့် သဘာဝတရားနှင့် ကမ္ဘာမြေအားချစ်မြတ်နိုးခြင်း ဟူသည့်ရှုထောင့်နှစ်ခုမှနေ၍ လေ့လာသုံးသပ်မိသမျှကို ပြန်လည်၍ မျှဝေပေးလိုက်ရပါသည်။

Reference:

1.China’s Governance under Xi Jinping’s Leadership Vol 1 published by Xinhua News Agency; 2026 Edition

2.China and World Human Rights Protection; written by Zhang Yonghe et al.; published by China Intercontinental Press; 2019 Edition

3.Understanding the Two Integrations; written by Josef Gregory Mahoney; July 2026

မူရင်းသတင်း — Eleven Media Group