Myanmar National Post

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ကြပါစို့



ဝမ်းပျက်ဝမ်းလျှောရောဂါသည် လူတိုင်းတွင် ဖြစ်ပွားနိုင်သော်လည်း သန့်ရှင်းသောရေ၊ သန့်ရှင်းသောအစားအစာနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို စနစ်တကျလိုက်နာခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ အထူးသဖြင့် မိုးရာသီ၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည့်ကာလနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရန်ခက်ခဲသည့် အချိန်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုရန် လိုအပ်ပါသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါသည် ရောဂါပိုးပါဝင်သော အစားအစာနှင့်ရေကို စားသောက်မိခြင်း၊ ညစ်ညမ်းသော ပတ်ဝန်းကျင်နှင့် ထိတွေ့ခြင်းတို့မှ တစ်ဆင့်ကူးစက်နိုင်ပါသည်။ အထူးသဖြင့် အိမ်သာအသုံးပြုပြီးနောက် လက်ကို စနစ်တကျမဆေးကြောခြင်း၊ အစားအစာများကို မသန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ခြင်း၊ ချက်ပြုတ်ပြီးသား အစားအစာများကို မဖုံးအုပ်ထားခြင်းနှင့် မသန့်ရှင်းသောရေကို သောက်သုံးခြင်းတို့သည် ရောဂါဖြစ်ပွားစေနိုင်သည့် အဓိကအကြောင်းရင်းများအနက် ပါဝင်ပါသည်။

အထူးသဖြင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည့်အခါ အိမ်သုံးရေနှင့် သောက်သုံးရေ အရင်းအမြစ်များ ညစ်ညမ်းနိုင်သည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားလာနိုင်ပါသည်။ ထို့ကြောင့် ရေကြီးရေလျှံပြီးနောက် ရေတွင်း၊ ရေကန်၊ မြစ်ချောင်းများမှ ရေကို သန့်ရှင်းမှုမရှိဘဲ တိုက်ရိုက်သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။


ဝမ်းပျက်ဝမ်းလျှောရောဂါ၏ လက္ခဏာများ

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက ဝမ်းအရည်များ မကြာခဏသွားခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ အားနည်းနွမ်းနယ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ဝမ်းလျှောခြင်းနှင့် အန်ခြင်းများပြားလာပါက ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများဆုံးရှုံးပြီး ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။

ရေဓာတ်ခန်းခြောက်လာပါက ပါးစပ်နှင့် လျှာခြောက်ခြင်း၊ ရေငတ်လွန်ခြင်း၊ ဆီးနည်းလာခြင်း သို့မဟုတ် ဆီးအရောင်ရင့်လာခြင်း၊ မူးဝေခြင်း၊ အားအလွန် နည်းခြင်းနှင့် မျက်လုံးချိုင့်ဝင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ကလေးငယ်များတွင် ငိုသော်လည်း မျက်ရည်မထွက်ခြင်း၊ နို့မစို့နိုင်ခြင်း၊ အိပ်ငိုက်ပြီး တုံ့ပြန်မှုနည်းခြင်း တို့ကိုလည်း သတိပြုသင့်ပါသည်။


ရေဓာတ်ခန်းခြောက်မှုကို အထူးသတိပြုပါ

ဝမ်းပျက်ဝမ်းလျှောရောဂါ၏ အဓိကအန္တရာယ်မှာ ဝမ်းနှင့်အတူ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဝမ်းလျှောနေစဉ်တွင် ရေဓာတ်နှင့် ဓာတ်ဆားများ ပြန်လည်ဖြည့်တင်း ပေးရန် အရေးကြီးပါသည်။

ဓာတ်ဆားရည် ORS (Oral Rehydr-ation Solution)ကို အသုံးပြုနိုင်ပြီး ထုပ်ပိုးခွံပေါ်ရှိ ညွှန်ကြားချက်အတိုင်း သန့်ရှင်းသောရေဖြင့် မှန်ကန်စွာဖျော်စပ်သောက်သုံးရပါမည်။ ကလေးငယ်များ အတွက်လည်း မိခင်နို့တိုက်ကျွေးခြင်းကို ဆက်လက်ပြုလုပ်သင့်ပါသည်။

ဝမ်းလျှောခြင်း ပြင်းထန်ခြင်း၊ ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ပေါ်ပေါက်ခြင်း၊ သွေးပါဝမ်းသွားခြင်း၊ အဆက်မပြတ်အန်ခြင်း၊ အရည်မသောက်နိုင်ခြင်း၊ သတိလစ်ခြင်း သို့မဟုတ် အလွန်အမင်းအားနည်းခြင်းများ ဖြစ်ပေါ်ပါက အိမ်တွင်သာ စောင့်ကြည့်မနေဘဲ နီးစပ်ရာကျန်းမာ ရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့် ပါသည်။


သန့်ရှင်းသောရေကိုသာ သောက်သုံးပါ

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် သောက်သုံးရေသည် အလွန်အရေးကြီးပါသည်။ မသေချာသောရေကို မသောက်သုံးဘဲ စိတ်ချရသော သောက်သုံးရေကိုသာ အသုံးပြုသင့်ပါသည်။ ရေအရင်းအမြစ်၏ သန့်ရှင်းမှုကို မသေချာပါက ရေကိုကျိုချက်ပြီး အေးမြစွာထားကာ သန့်ရှင်းသောအိုးအတွင်း ထည့်သွင်းသိုလှောင်ပြီး သောက်သုံးသင့်ပါသည်။

ရေကိုသိုလှောင်ရာတွင်လည်း အဖုံးပါသော သန့်ရှင်းသည့်အိုးများကို အသုံးပြုရန်၊ ရေထဲသို့ လက်ဖြင့်မနှိုက်ဘဲ သန့်ရှင်းသောခွက် သို့မဟုတ် အိုးဖြင့်သာ ခပ်ယူရန် လိုအပ်ပါသည်။


အစားအစာများကို သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ပါ

အစားအစာများကို သေချာစွာချက်ပြုတ်ပြီး ချက်ပြုတ်ပြီးသား အစားအစာများကို ဖုံးအုပ်ထားသင့်ပါသည်။ အစိမ်းစားအစားအစာများ၊ အသီးအနှံများကို သန့်ရှင်းသောရေဖြင့် ဆေးကြော ပြီးမှ စားသုံးသင့်ပါသည်။

အထူးသဖြင့် အလွယ်တကူ ပုပ်သိုးနိုင်သည့် အစားအစာများကို အချိန်ကြာမြင့်စွာ အပြင်တွင် ထားခြင်းကို ရှောင်ကြဉ်ပြီး အနံ့၊ အရသာ၊ အသွင်အပြင် ပြောင်းလဲနေသော အစားအစာများကို မစားသုံးသင့်ပါ။ လမ်းဘေးအစား အစာများ ဝယ်ယူစားသုံးရာတွင်လည်း သန့်ရှင်းမှု ရှိ၊ မရှိနှင့် အစားအစာများကို ဖုံးအုပ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးသင့်ပါသည်။


လက်ဆေးခြင်းသည် အရေးကြီးသော ကာကွယ်ရေးနည်းလမ်းတစ်ရပ်

အိမ်သာအသုံးပြုပြီးချိန်၊ ကလေးငယ်၏ အညစ်အကြေးများကို ကိုင်တွယ်ပြီးချိန်၊ အစားအစာမပြင်ဆင်မီ၊ အစား အစာမစားမီနှင့် အခြားညစ်ညမ်းနိုင်သည့် အရာများကို ကိုင်တွယ်ပြီးချိန်များ တွင် ဆပ်ပြာနှင့် ရေသန့်ဖြင့် လက်ကို စနစ်တကျ ဆေးကြောသင့်ပါသည်။

လက်ကို သန့်ရှင်းစွာ ဆေးကြောခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါသာမက အခြားကူးစက်ရောဂါများကိုပါ ကာကွယ်နိုင်သည့် ရိုးရှင်းပြီးထိရောက်သော နည်းလမ်းတစ်ရပ်ဖြစ်ပါသည်။


ရေဘေးကာလတွင် ပိုမိုသတိပြုကြပါစို့

မိုးရာသီနှင့်ရေကြီးရေလျှံမှု ဖြစ်ပေါ်သည့်ကာလများတွင် သောက်သုံးရေ အရင်းအမြစ်များ ညစ်ညမ်းနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာ ရေးအသိပညာပေးချက်များကို လိုက်နာ ကြရန် လိုအပ်ပါသည်။

ရေကြီးရေလျှံပြီးနောက် ညစ်ညမ်းနေသောရေနှင့် အစားအစာများကို မသုံး စွဲရန်၊ ရေသန့်ရရှိရေးကို ဦးစားပေးရန်၊ အိမ်သာနှင့် အမှိုက်စွန့်ပစ်နေရာများကို သန့်ရှင်းစွာထားရှိရန် လိုအပ်ပါသည်။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများပြားလာပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ရယူ သင့်ပါသည်။


လူတိုင်းပူးပေါင်းပါဝင်မှ ရောဂါကာကွယ်နိုင်မည်

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးသည် ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်သာမက လူတစ်ဦးချင်းစီနှင့် မိသားစုတိုင်း၏ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါသည်။ သန့်ရှင်းသောရေကို အသုံးပြုခြင်း၊ အစားအစာကို သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ခြင်း၊ လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောခြင်း၊ အိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ထိန်းသိမ်းခြင်းတို့ကို နေ့စဉ် အလေ့အကျင့်ကောင်းများအဖြစ် ကျင့်သုံးသင့်ပါသည်။

ထို့ကြောင့် မိသားစုတိုင်းအနေဖြင့် “သန့်ရှင်းသောရေသောက်၊ သန့်ရှင်းသော အစားအစာစား၊ လက်ကိုဆပ်ပြာ ဖြင့်ဆေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ထိန်းသိမ်း”ဆိုသည့် အခြေခံကျန်းမာရေး စည်းကမ်းများကို လိုက်နာကြခြင်းဖြင့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို လျှော့ချကာ မိမိတို့မိသားစုနှင့် ရပ်ရွာလူထု၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။


ချစ်သက်လယ် (ပြန်/ဆက်)

#News #Myanmar

မူရင်းသတင်း — Myanmar National Post