
အမေရိကန်အစိုးရက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)၏ ဥက္ကဋ္ဌ ဂျပန်နိုင်ငံသူ တိုမိုကိုအာကာနဲနှင့် အထက်တန်းရှေ့နေတစ်ဦးကို ဩဂုတ် ၁၈ ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ပြီး ICC ကိုလည်း နိုင်ငံရေးအမြတ်ထုတ်ရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်းဟု စွပ်စွဲခဲ့သည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့အခြေစိုက် တရားရုံးကို ဒေါ်နယ်ထရန့်အစိုးရအဖွဲ့၏ နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုအဖြစ် ICC ၏ အထက်တန်း တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဆီနီဂေါနိုင်ငံသား အဗ္ဗဒူလာရေးဆေးယဲကိုလည်း အမေရိကန်ကပိတ်ဆို့မှုများချမှတ်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုးက "အဆိုပါ ပုဂ္ဂိုလ်များသည် ICC ၏ လုပ်ပိုင်ခွင့်အာဏာကို သဘောတူလက်ခံခြင်းမရှိသည့် အစိုးရများမှ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် တရားစွဲဆိုခြင်းပြုလုပ်ရန် ICC ၏ ကြိုးပမ်းအားထုတ်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ကြသူများဖြစ်သည်" ဟု အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ကြေညာချက်တစ်စောင်တွင်ဖော်ပြခဲ့သည်။
အမေရိကန်၏ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ICC တရားရုံးက ဩဂုတ် ၁၈ ရက်နေ့တွင်ပ ပြန်လည်တုံ့ပြန်ခဲ့ပြီး ယင်းသို့ပြုလုပ်ခြင်းသည် "တရားဥပဒေစိုးမိုးရေးကို အားနည်းစေသည်" ဟု တုံ့ပြန်ခဲ့သည်။
ဥပဒေအတိုင်း ဆောင်ရွက်နေသည့် တရားစီရင်ရေးဆိုင်ရာ ပုဂ္ဂိုလ်များခြိမ်းခြောက်ခံရသည့်အခါ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး စနစ်တစ်ခုလုံးစိုးရိမ်ဖွယ်ရာ အန္တရာယ်ကျရောက်သည်ဟု တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ICC တရားရုံးသည် အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်ကြောင်း စွပ်စွဲခံရသူများကို တရားစွဲဆိုသည့် တရားရုံးဖြစ်ပြီး၊ သက်ဆိုင်ရာနိုင်ငံများတွင် သင့်လျော်မှန်ကန်သော တရားစီရင်ရေးစနစ် မရှိသည့်အခါမျိုးတွင် နောက်ဆုံးအားထားရာ တရားရုံးအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။
ICC တရားရုံးကို ဖွဲ့စည်းတည်ထောင်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်ထားခြင်းမရှိသည့် အမေရိကန်ပြည်ထောင်စုသည် ယခင်ကလည်း အဆိုပါတရားရုံးမှ တာဝန်ရှိသူ အများအပြားကိုပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
Ref:AFP
AFP photos
#ICC #ICC တရားရုံး #elevennews