






ရန်ကုန်၊ အောက်တိုဘာ ၅
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဗဟန်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "မြတ်ဆရာ" သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး က ဖတ်ကြားပြီး ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းအောင် က ဆက်လက်ဖတ်ကြားသည်။
ယင်းနောက် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဆရာသခင်ကျေးဇူးရှင်" သီချင်းဖြင့်လည်းကောင်း၊ လသာမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက "အနန္တငါးဖြာမြတ်ဆရာ" သီချင်းဖြင့်လည်းကောင်း အသီးသီး သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
#News #Myanmar